ချောင်းဦးတွင် ကျေးရွာရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

 

ချောင်းဦး မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာ ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပွဲကို ထူးနီကျေးရွာအုပ်စု ထူးနီရွာ ဦးဝင်းမြင့် နေအိမ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ယနေ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်က ၂ဝဝ၈- ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာများ၊ ၁၉၄၇၊ ၁၉၇၄၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ အားနည်းချက်/အားသာချက်များ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ အမျိုးသားရေးနှင့် အနာဂတ်မြန်မာနိုင်ငံ စသည်တို့ကို တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

တက်ရောက်လာသူများကလည်း ”၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေ ၅၉ (စ) ကို မပြင်သင့်ကြောင်း”၊”တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အများဆန္ဒနှင့်အညီ ဝန်ကြီးချုပ်ခန့်အပ်မှသာ ဒီမိုကရေစီ အနှစ်သာရဖြစ်၍ ပုဒ်မ ၂၆၁ ကို ပြင်သင့်ကြောင်း”၊”ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၁ သည် နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်သော ဗုဒ္ဓဘာသာကို အသိအမှတ်ပြုတာဖြစ်လို့ ဂုဏ်ပြုတာဖြစ်လို့ ဆက်လက် ထားရှိမပြင် သင့်ကြောင်း”ကိုဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ မုံရွာခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ထူးနီကျေးရွာအုပ်စု ရပ်ကျေး ပါတီဝင်များနှင့် ကျေးရွာပြည်သူများ စုစုပေါင်း ၅ဝကျော် တက်ရောက်၍ ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။မောင်မောင်မြင့်(ချောင်းဦး)