ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ ထန်းတပင်မြို့နယ် ပြည်သူများနှင့် ရေနွေးကြမ်း စကားဝိုင်းဆွေးနွေး

 

ရန်ကုန် မေ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာမှ အငြိမ်းစား ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျေးရွာသူရွာသားများနှင့် တွေ့ဆုံ၍ အစွဲကင်းသော ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးမှုပြုလုပ် ခဲ့ကြောင်းသိရသည်။ အဆိုပါ ရေနွေးကြမ်း စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးခင်ရီက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး မိမိတို့အဖွဲ့သည် ဒေသခံများနှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ် နေသော နိုင်ငံတော်၏ အခြေအနေများကို သိရှိလိုသောကြောင့် လာရောက်ခြင်းဖြစ်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ထန်းတပင်မြို့နယ်မှအငြိမ်းစားဝန်ထမ်းများ၊ ရပ်မိရပ်ဖများဖြစ်ကြသော ဦးအေးထွန်း၊ ဦးခင်သိန်း၊ ဦးစိုးသိန်း၊ ဦးတင်ကြိုင်၊ ဦးစိုးမင်းဦး၊ ဦးသောင်းအေးနှင့် ဦးကိုကြူတို့က စိုက်ဘဏ်မှ ချေးငွေကိစ္စ၊ လျှပ်စစ်မီးပုံမှန် ရရှိရေးကိစ္စ၊ ရခိုင်အရေးကိစ္စ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း၊ လက်ရှိနိုင်ငံတော်၏ စိုးရိမ်ရသည့် အခြေအနေ၊ တရားဥပဒေ စိုးမိုးမှုအခြေအနေ၊ အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှု၊ ယနေ့နိုင်ငံတော်၏ လျှပ်စစ် သုံးစွဲမှုနှင့် ဖြန့်ဝေမှုမမျှတခြင်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြရာ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဦးခင်ရီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ရင်းရင်းနှီးနှီးပြန်လည် ရှင်းလင်းပြောကြား၍ ရေနွေးကြမ်း စကားဝိုင်းကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   ထိန်ဝင်း(YGN)