အတိုက်အခံကို အရေးမယူရန် မာဒူရိုကို ကန်အထက်လွှတ်တော်အမတ် သတိပေး

ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် နိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် ကိုယ်တိုင်ကြေညာထားသူ ဂိုင်ဒို ကို အရေးယူပါက ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာမည်ဟု ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်သို့ လည်ပတ်ရင်းအမေရိကန် အထက်လွှတ်တော် အမတ် မာကိုရူဘီယိုက ပြော သည်။

နိုင်ငံရေးနှင့် စီးပွားရေးအကျပ်ဆိုက်နေသော ဗင်နီဇွဲလား အပေါ် အမေရိကန်က စစ်ရေးအရ ကြားဝင်မည်လား ဆိုခြင်းအပေါ် အထက်လွှတ်တော်အမတ် က တိတိကျကျ မပြောပေ။

သို့သော် ဗင်နီဇွဲလားအစိုးရ က အတိုက်အခံခေါင်းဆောင် ဟွမ်ဂိုင်ဒိုကို ထိခိုက်အောင် လုပ်ပါက (သို့မဟုတ်) အကျဉ်းချခဲ့ပါက သမ္မတဒေါ်နယ်ထရန့်၏ အစိုးရက ရပ်ကြည့်နေမည် မဟုတ်ဟု ယုံကြည်ကြောင်း ရူဘီ ယိုက ပြောသည်။

‘‘ဖြတ်ကျော်လို့မရတဲ့ စည်းတွေရှိတယ်ဆိုတာကို မာဒူရို လည်း သိပါတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေက ပြင်းပြင်းထန်ထန်နဲ့ အလျင်အမြန်ရောက်ရှိလာပါလိမ့်မယ်’’ဟု အထက်လွှတ်တော်တွင် ဗင်နီဇွဲလားအရေးနှင့် ပတ်သက်၍ ဩဇာကြီးသူ အဖြစ် ရှုမြင်ခံရသူ ရူဘီယိုက ပြောသည်။

ထို့အပြင် ဗင်နီဇွဲလားနိုင်ငံတွင် ရှိနေသည့် အမေရိကန်နိုင်ငံသားများကို မထိရန်လည်း ရူဘီယိုက သတိပေး ပြောကြားပြီး အကူအညီပေးရေး လုပ်သားများကို ပစ်မှတ်ထားခဲ့ပါက အမေရိကန်က တုံ့ပြန်မည်ဟု ၎င်းက ပြောသည်။

ရူဘီယိုနှင့် အခြားကန်အရာရှိများသည် ဗင်နီဇွဲလားနိုင်ငံသို့ ပို့ရန် ပြင်ဆင်ထားသော ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားသော ကိုလံဘီယာနယ်စပ်မြို့ ကူကူတာသို့ အလည်အပတ် ရောက်ရှိနေခြင်းဖြစ်သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုက အစားအစာနှင့် ဆေးဝါးအပါအဝင် အထောက်အပံ့ပစ္စည်းများကို ဝင်ခွင့်ပြုရန် ငြင်းဆိုထားသည်။

 အတိုက်အခံခေါင်းဆောင် ဂိုင်ဒိုကမူ ယင်းအထောက်အပံ့ ပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိအောင်လုပ်မည်ဟု ကြွေးကြော်ထားသည်။ 

—Ref: Reuters