ဆဲလ်ဖို့ဒ်အသင်း ရှယ်ယာ ဝယ်ယူပြီး ၉၂ မျိုးဆက်တွေနဲ့ ပြန်ပေါင်းစည်းခဲ့တဲ့ ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းဟာ National League ကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူပြီး မန်ယူအသင်းရဲ့ ၉၂ မျိုးဆက် အသင်းဖော်ဟောင်းတွေနဲ့အတူ တစ်ကျော့ပြန် ပေါင်းစည်းခဲ့ပါတယ်။ အဲဒီအတွက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ နဗီးလ်ညီနောင်(ဂယ်ရီနဗီးလ်၊ ဖီးနဗီးလ်)၊ ပေါစခိုးလ်၊ ရိုင်ယန်ဂစ်၊ နစ်ကီဘတ်တို့နဲ့အတူ ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာခဲ့ပါပြီ။

” ကျွန်တော့်အတွက် ဂုဏ်ယူစရာ အခိုက်အတန့်ပါ။ ဆဲလ်ဖို့ဒ်အသင်းက အရမ်းထူးခြားတဲ့အသင်းပါ။ ထူးခြားတဲ့ သူတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ မန်ယူကစားသမားဘဝ အစောပိုင်းတုန်းက ဆဲလ်ဖို့ဒ်မှာပဲ ရှိခဲ့တာပါ။ အဲဒီအတွက် ဒီကနေ့ ဆဲလ်ဖို့ဒ်အသင်းမှာ သူတို့နဲ့ ပြန်ပေါင်းစည်းခွင့်ရလို့ အရမ်းကျေနပ်မိပါတယ်။ ဆဲလ်ဖို့ဒ် အသင်းက အချိန်တိုအတွင်းမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်”လို့ ဘက်ခမ်းက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။ မန်ယူအသင်းရဲ့ ၉၂ မျိုးဆက်တွေဟာ စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ပီတာလင်းရဲ့ ငွေကြေး အထောက်အပံ့နဲ့အတူ ၂၀၁၄ ခုနှစ်က ဆဲလ်ဖို့ဒ်အသင်းကို လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ပီတာလင်းက ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ၉၂ မျိုးဆက် ကစားသမား ၆ ယောက်က ရှယ်ယာ ၁၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပါတယ်။

-Ref: Goal