ဂျာမန်ကလပ် ဝါဒါဘရီမင်က ရန်ကုန်ယူနိုက်တက်နှင့် မိတ်ဖက်ပြုလုပ်ရန် ကမ်းလှမ်း

၂၀၁၉ မြန်မာလိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက် (ဓာတ်ပုံ −YUSC)

 

ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင်အသင်းက  မြန်မာလိဂ်ကလပ် ရန်ကုန်ယူနိုက်တက်နှင့် မိတ်ဖက် အသင်း ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း အသင်းကော်မာရှယ်မန်နေဂျာ ဦးမျိုးမြင့်သောင်းက ပြောသည်။

ဝါဒါဘရီမင်အသင်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက  ရန်ကုန်အသင်းနှင့် မိတ်ဖက်အသင်း ပြုလုပ်ရန် စိတ်ဝင်စားသည့်  တရားဝင် အီးမေးလ်ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ဝါဒါဘရီမင်က ကျွန်တော်တို့အသင်းနဲ့ မိတ်ဖက်လုပ်ဖို့ စိတ်ဝင်စားကြောင်း တရားဝင် အီးမေးလ်ရထားပါတယ်။ အခုအ သင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇကို  အကြောင်းကြားထားပါတယ်။ အီးမေးလ်ထဲမှာတော့ မိတ်ဖက်လုပ်ဖို့ စိတ်ဝင်စားကြောင်း၊ နှစ်သင်းအပြန်အလှန် အတွေ့အကြုံ ဖလှယ်ချင်ကြောင်းပဲ ပါပါတယ်။ သူတို့နဲ့တွေ့ဆုံမှု ပြုလုပ်ပြီးမှ မိတ်ဖက်အသင်း လုပ်ဖြစ်၊ မလုပ်ဖြစ်ကို ဆုံးဖြတ်သွားမှာပါ။ ဝါဒါဘရီမင်အသင်းရဲ့ ပွဲစဉ်တစ်ပွဲကို လာအားပေးဖို့လည်း ဖိတ်ခေါ်ထားတယ်’’ ဟု ဦးမျိုးမြင့်သောင်းက ပြောသည်။

ဝါဒါဘရီမင်အသင်းသည် ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် လေးကြိမ်ဗိုလ်စွဲထားပြီး ဒုတိယဆု ခုနစ်ကြိမ် ရရှိထားသည့် အသင်းဖြစ်သည်။

ယခုနှစ်ဘောလုံးရာသီတွင် ဝါဒါဘရီမင်သည် ဘွန်ဒက်စ်လီဂါ ၌ အဆင့် (၉) နေရာတွင်ရပ်တည်နေသည်။

ရန်ကုန်ယူနိုက်တက်အနေဖြင့် ဝါဒါဘရီမင်နှင့် မိတ်ဖက်အသင်းအဖြစ် ဆောင်ရွက်ဖြစ်ပါက ပထမဦးဆုံး ဥရောပကလပ်နှင့် မိတ်ဖက်ပြုလုပ်သည့် မြန်မာလိဂ်အသင်းဖြစ်လာမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်သည် မြန်မာလိဂ်တွင် ငါးကြိမ် ဗိုလ်စွဲထားပြီး ရှုံးထွက်ဖလား နှစ်ကြိမ်  ရရှိထားသည်။

7Days