တိုက်စစ်မှူးဟောင်း ဆိုးလ်ရှား မန်ယူယာယီနည်းပြဖြစ်လာ

မန်ယူအသင်းက တိုက် စစ်မှူးဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်   ယခုရာသီကုန် အထိ ခန့်အပ်ကြောင်း တရားဝင် ကြေညာသည်။

မန်ယူသည် အင်္ဂါနေ့ ညနေ က ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် ဆိုးလ်ရှားကိုယာယီ နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း၌ ယင်းပို့စ်ကို ပြန် ဖြုတ်ခဲ့သည်။ ဆိုးလ်ရှား (၄၅) နှစ်သည် အိုးလ်ထရက် ဖို့ဒ်၌ ၁၁ ရာသီအတွင်း ၁၂၆ ဂိုး သွင်းယူ ခဲ့သည်။ နော်ဝေးလက်ရွေးစင် ဟောင်းသည် အင်္ဂါနေ့၌ မန်ယူကထုတ်ပယ်ခဲ့သော မော်ရင်ဟို ၏ နေရာသို့ ဝင်ရောက်မည်ဖြစ် ကာ နည်းပြဟောင်း မိုက်ဖီလန်ကို ၎င်း၏လက်ထောက် နည်းပြ အဖြစ် ထားရှိမည်ဖြစ်ကြောင်း မန်ယူက ဒီဇင်ဘာ ၁၉ ရက်ညနေတွင် ကြေညာသည်။

ဆိုးလ်ရှားသည် နော်ဝေး ကလပ် မိုလ်ဒီကိုကိုင်တွယ်နေသော်လည်း ၎င်းတို့၏ ၂၀၁၈  ဆောင်းရာသီ ဘောလုံးရာသီ ပြီးဆုံးပြီဖြစ်ကာ မတ်လအထိ စတင်ဦးမည် မဟုတ်ပေ။

၁၉၉၉ က ဘိုင်ယန်နှင့်ချန်ပီ ယံလိဂ်ဗိုလ်လုပွဲတွင် ဆိုးလ်ရှား က အနိုင်ဂိုးသွင်းယူနေပုံ ဗီဒီယိုဖိုင်တစ်ခုကို မန်ယူက ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ အင်္ဂါနေ့ညနေက ဖော်ပြပြီး ‘‘နူးကမ့်ကွင်းမှာ အဲဒီ ဂိုးနဲ့အတူ ဖလားသုံးလုံးရပြီးတဲ့ နောက် ရာသီ၂၀အကြာမှာ ဆိုးလ်ရှားဟာ ကျွန်တော်တို့ရဲ့ ယာယီနည်းပြဖြစ်လာပြီ’’ဟု  ရေးသားထားသည်။

နော်ဝေးဝန်ကြီးချုပ် အာနာဆိုးလ်ဘာ့ဂ်က ဆိုးလ်ရှား ကို မန်ယူနည်းပြအဖြစ် ခန့်ထားခြင်းအပေါ် ကြိုဆိုပြီး လူမှုမီဒီယာ၌ ‘‘နော်ဝေးဘောလုံးလောကအတွက် ကြီးကျယ်တဲ့နေ့ပါပဲ။ သရဲနီတွေကို ကိုင်တွယ်ရင်း ကံကောင်းပါစေ’’ ဟု ၎င်းက ရေးသား ဖော်ပြပြီး နောက်ပိုင်းတွင် ယင်း ဖော်ပြချက်ကို ပြန်ဖျက်ခဲ့သည်။

ဆိုးလ်ရှားသည် ၂၀၁၄ က ရှစ်လကြာကိုင်တွယ်စဉ် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသော ကာဒစ်စီးတီးနှင့် ရင်ဆိုင်ရမည့်ပွဲ ကို ပထမဆုံးကိုင်တွယ်မည်ဖြစ် သည်။ ၎င်းသည် မိုလ်ဒီအသင်းကို ကိုင်တွယ်နေသည်မှာ နှစ်ရာသီ ရှိပြီဖြစ်ကာ ယခုလလဆန်းက စာချုပ်သစ် ချုပ်ဆိုထားသည်။ မန်ယူက အမြဲတမ်းနည်းပြ တစ်ဦးကို ရာသီကုန်တွင် ခန့်အပ် မည်ဖြစ်သည်။

—Ref:BBC