ဇန်နဝါရီလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဆိုးလ်ရှား နှင့် ရက်ရှ်ဖို့ဒ် ရရှိ

မန်ယူနည်းပြဘဝတာထွက်တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဆိုးလ်ရှား သည် ဘန်လေနည်းပြ ရှောင်ဒိုင်ချီနှင့် ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တဲလ်တို့ကို ကျော်ဖြတ်ကာ ဇန်နဝါရီလ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရသည်။

ဒီဇင်ဘာက မော်ရင်ဟို နေရာတွင် ဆက်ခံခဲ့သူ ဆိုးလ်ရှား သည် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား နောက်ဆုံး ဆွတ်ခူးခဲ့သည့် ၂၀၁၂ အောက်တိုဘာက သက်တမ်းရှည်နည်းပြ ဖာဂူဆန် နောက်ပိုင်းယင်းဆုကို ပြန်လည် ဆွတ်ခူးခဲ့သည့် ပထမဆုံးမန်ယူ နည်းပြဖြစ်လာသည်။

ဇန်နဝါရီလအတွင်း ရနိုင်ခြေရှိသော ၁၂ မှတ်အနက် မန်ယူ က ၁၀ မှတ်ယူနိုင်ခဲ့ပြီး နယူးကာဆယ်၊ စပါးနှင့် ဘရိုက်တန်တို့ကို အနိုင်ရကာ ဘန်လေကို နောက်ကလိုက်ကစားပြီး သရေကျအောင် စွမ်းဆောင်နိုင်ခဲ့သည်။

‘‘ကျွန်တော်တို့အမှတ်ပေး ဇယားမှာ အဆင့်တက်ချင်ပါတယ်။ ဒါက အဲဒါရဲ့အစပဲရှိသေးတယ်။ ကစားသမား ကောင်းတွေ မပါဘဲနဲ့ ခေါင်းဆောင်ကောင်း (ဒါမှမဟုတ်) နည်းပြကောင်းဖြစ် မလာနိုင်ပါဘူး။ ဒါကြောင့် အားလုံးကို ချီးကျူးပါတယ်’’ ဟု ဆိုးလ်ရှားက ပြောသည်။

ဇန်နဝါရီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ရရှိခဲ့သည်။

အသက် (၂၁) နှစ်အရွယ် ရက်ရှ်ဖို့ဒ်က ဇန်နဝါရီအတွင်း ကစားခဲ့သော လိဂ်လေးပွဲတွင် စပါးနှင့် ဘရိုက်တန်ပွဲ၌ အနိုင်ဂိုးများ အပါအဝင် သုံးဂိုးသွင်းယူပေးခဲ့သည်။

ဆိုးလ်ရှားစတင်တာဝန်ယူချိန်က မန်ယူသည် ထိပ်ဆုံးလေး သင်းစာရင်းဝင်ရန် ၁၁ မှတ် ဟွာဟခဲ့သော်လည်း လက်ရှိတွင် အမှတ်ပေးဇယားအဆင့် လေး နေရာအထိ ရောက်ရှိနေပြီ ဖြစ်သည်။

—Ref:BBC/Reuters