ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့် နိုင်ပွဲရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ ရော်နယ်ဒို

ဒီစံချိန်ကို ရရှိခဲ့တဲ့ နိုင်ပွဲမှာ ရော်နယ်ဒိုက အနိုင်ဂိုးသွင်းပေးခဲ့သူ မန်ဇူကစ်အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားပြောင်မြောက်တဲ့ စံချိန်မှတ်တမ်းတွေကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရယူနိုင်ထားခဲ့တဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်စံချိန်တစ်ခုလည်း ဖြစ်ခဲ့ပြီး ကစားသမားပြိုင်ဘက် လီယွန်နယ်မက်ဆီကို နောက်ကောက်ချ နိုင်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် နဲ့ ဂျူဗင်တပ်စ်အသင်းတို့အတွက် ချန်ပီယံလိဂ်ပွဲတွေ ကစားပေးခဲ့ ပြီးနောက် ရော်နယ်ဒိုဟာ ပွဲ (၁၀၀) အနိုင်ရရှိခဲ့တဲ့ ဂုဏ်ပုဒ်ကို ထပ်မံပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သွင်းဂိုး (၁၂၁)ဂိုး သွင်းယူပြီး ရော်နယ်ဒိုက ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်ပိုင်ဆိုင်ထားပြီး (၃)နှစ်ဆက်တိုက် ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒိုအတွက် ဒီစံချိန်က ပြောပလောက်စရာ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ပွဲ (၁၀၀) အထိ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုကို ရေးထိုးနိုင်ခဲ့တာပါ။  

ဂျူဗင်တပ်စ်အသင်းဟာလည်း ၁၆သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့ပြီး ရော်နယ်ဒိုအတွက်လည်း မတူညီတဲ့ အသင်း  (၃)သင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ကစားသမား ဖြစ်လာဖို့ အိပ်မက်တွေ ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ အားခဲထားတဲ့ ဂျူဗီအတွက်လည်း ပိုပြီး မျှော်လင့်ချက်အားကောင်းလာခဲ့ပါတယ်။