အောင်လအန်ဆန် MMA လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲ ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်မည်

လာမည့်နှစ် မတ်လတွင် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်မည့် MMA (One Championship) လိုက် ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲတွင် မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ချန်ပီယံခါးပတ်ကို လွှဲပေးမည်ဟု  အောင်လအန်ဆန်က ပြောသည်။ 

မြန်မာ့စပါးအုံးဟု ကျော်ကြားသည့် အောင်လအန်ဆန် သည် ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံ သား မာချာဒိုကို ၅၆ စက္ကန့်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ လိုက်ဟဲဗီး ၀ိတ်ချန်ပီယံခါးပတ်ရရှိခဲ့သည်။ 

‘‘မတ်လမှာ လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲထိုးဖို့ One ဘက်က ပြောထားတယ်။ ပြိုင် ဘက်တော့ မသိရသေးဘူး။ ဒါပေမဲ့ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ပါမယ်’’ ဟု အောင်လ အန်ဆန်က ပြောသည်။ 

သို့သော် အဆိုပါလိုက်ဟဲဗီး ၀ိတ်ချန်ပီယံကာကွယ်ပွဲတွင် အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။ 

‘‘ကျွန်တော်အနေနဲ့ လိုက်ဟဲဗီးဝိတ်ကို တစ်ကြိမ်ပဲ ကာကွယ်မယ်။ နောက်ပိုင်းမှာ မစ်ဒယ်ဝိတ်ချန်ပီယံကိုပဲ ပိုအာရုံစိုက်သွားမယ်။ ကျွန်တော့်အရပ်အမောင်း၊ ခန္ဓာကိုယ်နဲ့ဆိုရင် မစ်ဒယ်ဝိတ်တန်း က ပိုပြီးတော့ အဆင်ပြေတယ်။ ဒါပေမဲ့ လေ့ကျင့်ရင်တော့ ဟဲဗီးဝိတ်က လူတွေနဲ့လည်း လေ့ကျင့်မှုတွေတော့ ပြုလုပ်ပါတယ်’’ ဟု အောင်လအန်ဆန်က ပြောသည်။ 

အောင်လအန်ဆန်သည် လက်ရှိတွင် MMA (One Cham-pionship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံခါးပတ် နှစ်ခုပိုင်ရှင် ဖြစ်သည်။ အောင်လသည် အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ယှဉ်ပြိုင်သည့်  MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် လက်ဘနွန်ဖိုက်တာမိုဟာမက် ကရာကီကို ပထမအချီအတွင်း အလဲထိုးဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ် ကာကွယ်ထားသည်။ အသက်(၃၃)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ် လျှောက် ၃၄ ပွဲယှဉ်ပြိုင်ရာတွင် ၂၄ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ 

7Days