အောင်သူ လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာ ခံစားနေရ

လက်ကောက်ဝတ်ရိုးကျိုးနေသော လက်ရွေးစင်တိုက်စစ်မှူး အောင်သူ (ဓာတ်ပုံ – Police Tero FC )

 

ထိုင်းလိဂ်၌ ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးအောင်သူသည် လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်ကြောင်း Police Tero အသင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ ရက်က Police Tero အိမ်ကွင်းတွင် ယှဉ်ပြိုင်သည့် Police Tero နှင့် ရစ်ချက်ဘူရီတို့ ပွဲ၌ အောင်သူ လက်ကောက်ဝတ်ရိုးကျိုးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းပွဲတွင် Police Tero အသင်းသည် ရစ်ချက်ဘူရီ အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အောင်သူနှင့်အတူ ၎င်း၏ အသင်းဖော် အန်ဒရေလည်း ကြွက်သားဒဏ်ရာ ရရှိထားကြောင်းနှင့် အချိန်တစ်ခုအထိ အနားယူရန် လိုအပ်ကြောင်း ထုတ်ပြန်သော်လည်း အတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယင်းဒဏ်ရာကြောင့် အောင်သူနှင့် အန်ဒရေသည် အောက်တိုဘာ ၃ ရက်က ယှဉ်ပြိုင်သည့် Police Tero နှင့် နာဗီးတို့ ပွဲစဉ်တွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ အသက် (၂၂) နှစ်အရွယ် အောင်သူ သည် လက်ရှိတွင် ဆူဇူကီးဖလား ပြိုင်ပွဲဝင် ပဏာမမြန်မာ့လက်ရွေးစင်အသင်း၌ ရွေးချယ်ခံထားရသော်လည်း အသင်းနှင့် ပူးပေါင်း လေ့ကျင့်ခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲအကြိုခြေ စမ်းပွဲအဖြစ် အောက်တိုဘာ ၁၀ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။