ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ တိုင်ဆန်ဖျူရီ

စိတ်ကျဝေဒနာ ခံစားခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ WBC ဟဲဗီးဝိတ်ချန်ပီယံ ၀ိုင်ဒါနဲ့ ထိုးသတ်ဖို့ ရှိပါတယ်။

The Joe Rogan Experience ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ တိုင်ဆန်ဖျူရီက သူ့ခံစားခဲ့ရတဲ့ စိတ်ကျဝေဒနာ၊ အရက်စွဲလမ်းမှု၊ မူးယစ်ဆေးစွဲမှု ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။ ” ခပ်ကြောင်ကြောင် အတွေးတွေ တွေးမိလာတယ်။ ၂၀၁၆ ခုနှစ် နွေရာသီမှာ ကျွန်တော် ဖာရာရီကားသစ်တစ်စီး ဝယ်လိုက်တယ်။
အဲဒီကားကို အဝေးပြေးလမ်းပေါ်မှာ မောင်းနေတုန်း တံတားအတက်နားရောက်တော့ အရှိန်ကို တစ်နာရီ မိုင် ၁၉၀ အထိ မြင့်ပြီး တံတားပေါ်တက်ဖို့ လုပ်ခဲ့တယ်။ ကျွန်တော် စိတ်ထဲမှာ ဘာမှဂရုမစိုက်တော့ဘူး။ သေချင်နေတာပဲ ရှိတယ်။ ဒါပေမဲ့ တံတားပေါ်တက်ဖို့ လုပ်နေတုန်း အသံတစ်သံ ကြားလိုက်ရတယ်။ ”အဲဒီလိုမလုပ်နဲ့ တိုင်ဆန်၊ မင်း သားသမီးတွေနဲ့ မင်း မိသားစုအတွက် စဉ်းစားဦး။ ဖအေမရှိဘဲ ကြီးပြင်းလာရမယ့် သားတွေနဲ့ သမီးအတွက် စဉ်းစားဦး’ဆိုတဲ့ အသံတစ်ခုပေါ့”လို့ တိုင်ဆန်ဖျူရီက ဆိုပါတယ်။

တိုင်ဆန်ဖျူရီဟာ ၂၀၁၅ ခုနှစ်က ဂျာမနီနိုင်ငံ ဒုဆယ်ဒေါ့ဖ်မြို့မှာ ဝလာဒီမာဂလစ်ရှ်ကိုကို အနိုင်ယူပြီးတဲ့နောက် WBA ၊ IBF နဲ့ WBO ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပေမဲ့ အဲဒီနောက်မှာ စိတ်ကျန်းမာရေး ပြဿနာကြုံတွေ့ခဲ့ပြီး စိတ်ရောဂါကု ဆရာဝန်နဲ့ ကုသမှုခံယူခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားကို ယုံကြည်သက်ဝင်မှုကြောင့်သာ ဒီနေ့အချိန်မှာ ဟဲဗီးဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ထိုးသတ်နိုင်တာလို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။

-Ref: Skysports