အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို အလေးမထားဟု အီရန်ခေါင်းဆောင်ပြောကြား

အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာခိုမေနီက အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကို အလေးထားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အမေရိကန်သည် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အပြင် လာမည့်နိုဝင်ဘာအတွင်း၌ အီရန်နိုင်ငံ၏ ရေနံရောင်းချမှုကဏ္ဍကို ပတ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ရန်လည်း စီစဉ်လျက်ရှိသည်။ အမေရိကန်ဘက်မှ ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများကြောင့် ၂၀၁၈ ခုနှစ်အတွင်း၌ အီရန်နိုင်ငံသုံးငွေကြေးသည် တန်ဖို ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

အယာတိုလာခိုမေနီက “အမေရိကန်နိုင်ငံရဲ့ အပြုအမူတွေကြောင့် ကျွန်တော်တို့နိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အလေးအထားမှာ မဟုတ်ပါဘူး။ အရေးယူပိတ်ဆို့မှုတွေကို ကျော်ဖြတ်အနိုင်ယူနိုင်အောင် ၀ိုင်းဝန်း ကြိုးစားရပါလိမ့်မယ်။ ဘုရားသခင် အနေနဲ့လည်း ကျွန်တော်တို့အနိုင်ရအောင် ကူညီမယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောသည်။

-Ref; Reuters