ဇင်ဘာဘွေ သမ္မတ မူဂါဘီကို နှလုံးလှ သံတမန်အဖြစ် ခန့်အပ်မှုကို WHO ပြန်လည်ရုပ်သိမ်း

ဒေါသတကြီး ဝေဖန်ကန့်ကွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အနေဖြင့် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီကို နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရသည်။

WHOက မူဂါဘီ အနေဖြင့် ဇင်ဘာဘွေနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် အပြည့်အဝ အာရုံစိုက် ကူညီနေခြင်းအတွက် ဂုဏ်ထူးဆောင် နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

သို့သော် ဝေဖန်သူများက ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဇင်ဘာဘွေ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆိုးဆိုးရွားရွား စိုက်ဆင်းလာခြင်းကို ထောက်ပြကြပြီး WHO၏ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်လာကြသည်။

မူဂါဘီသည် ၎င်း၏ ၃၇ နှစ်ကြာ အာဏာသက်တမ်း၏ ပထမဆုံး နှစ်ပေါင်း ၂၀ အတွင်း ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ အလေးထား လုပ်ဆောင်မှုများ ရှိခဲ့သည်မှာ မှန်ကန်သည်။ သို့သော် ၂၀၀၀ ပြည့်နှစ်တွင် ဇင်ဘာဘွေ စီးပွားရေး ဆုတ်ယုတ်ကျဆင်းသွားသည့်နောက် အဆိုပါ စနစ်သည်လည်း ကြီးမားစွာ ထိခိုက် ပျက်စီးသွားခဲ့သည်။

WHO၏ အကြီးအကဲ တီဒရို့စ် အက်ဒ်ဟာနွမ် ဂီဘရီယီဆက်စ်က “အားလုံးရဲ့ အသံကို ဂရုတစိုက် နားထောင်ပြီးတဲ့နောက် နှလုံးလှ သံတမန်အဖြစ် ခန့်အပ်မှုကို ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ကြေညာခဲ့သည်။

အသက် ၉၃ နှစ် ရှိနေပြီဖြစ်သော မူဂါဘီသည် နာမည်ဆိုးဖြင့် ကျော်ကြားသော နိုင်ငံခေါင်းဆောင်များ စာရင်းတွင် ထိပ်တန်းနေရာမှ ပါဝင်နေသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းလက်ထက်တွင် ဇင်ဘာဘွေ၌ မကြုံစဖူး ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ပြီး ပေါင်မုန့်တစ်လုံးအတွက် နိုင်ငံသုံး ငွေစက္ကူ သန်းထောင်နှင့်ချီ ပေးချေရ သည့် အဖြစ်မျိုးပင် ရင်ဆိုင်ခဲ့သည်။

တီဒရို့စ်က ၎င်းသည် ဇင်ဘာဘွေ အစိုးရ တာဝန်ရှိသူများထံ ဆက်သွယ်ကာ မူဂါဘီ၏ နှလုံးလှ သံတမန်ဘွဲ့ ကို WHO၏ ရပ်တည်မှုအတွက် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု အသိပေးခဲ့ကြောင်း ဆိုသည်။ မူဂါဘီကို ဂုဏ်ပြုရန်ကိစ္စမှာ သီတင်းပတ် အတော်များများ အချိန်ယူ ဆွေးနွေးခဲ့ဟန် ရှိသော်လည်း ထိုသူသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲခံနေရပြီး နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ဆိုးရွားစွာ ကျဆင်းနေသည်ကို မျက်ကွယ်ပြုထားကြောင်း WHO အနေဖြင့် ချန်လှပ် စဉ်းစားခဲ့ဟန် ရှိကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

Ref: Guardian