မတရားပြုကျင့်တယ်ဆိုတဲ့ စွဲချက်နဲ့ ပေါင် ၁ ဘီလီယံလောက် စီရော်နယ်ဒို ဆုံးရှုံးဖွယ်ရှိနေ

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၀၉ တုန်းက အမေရိကန်မှာ မော်ဒယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒါသာမှန်ကန်ခဲ့ရင် သူ့ကို စပွန်ဆာပေးထားသူတွေ ဆီကနေ ပေါင် ၁ ဘီလီယံ လောက်အထိ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

စီရော်နယ်ဒို ဟာ ၂၀၀၉ တုန်းက လာဗီးဂက်စ်မှာ မော်ဒယ် ကက်သရင်းမာယော်ဂါကို မုဒိမ်းကျင့်ပြီး နုတ်ပိတ်ခအဖြစ် ပေါင် ၂၈၇၀၀၀ ပေးပြီး သဘောတူညီချက် ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါကို စီရော်နယ်ဒိုက ငြင်းထားပေမယ့် ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သူ့ရှေ့နေတွေဘက်ကတော့ ဒါဟာလုံးဝမဟုတ်မှန်ဘဲ သူတို့ရဲ့ ကစားသမားကို အများကြီးသိက္ခာကျစေတယ်လို့ ဆိုပြီး ဒီသတင်းကို ပြန်လည်ဖောက်သည်ချခဲ့တဲ့ ဂျာမန်သတင်းစာ တစ်စောင်ကိုတောင် တရားစွဲဖို့ လုပ်နေတာပါ။

ဒါပေမယ့်လည်း စီရော်နယ်ဒိုရဲ့ စပွန်ဆာတွေကတော့ ဒီကိစ္စကို စောင့်ကြည့်နေပြီး လိုအပ်လာရင် စပွန်ဆာ ရုပ်သိမ်းဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကမ္ဘာ့အားကစားလောကရဲ့ ၀င်ငွေအကောင်းဆုံးသူအဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့သူဖြစ်ပြီး ၂၀၁၇ အတွင်းမှာတင် စပွန်ဆာတွေဆီကနေ ပေါင်သန်း ၇၀ ရရှိခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ  Nike Herbalife ၊Tag Heuer ၊ American Tourister တို့လို အဓိက စပွန်ဆာတွေအပြင် ဖီဖာဗီဒီယိုဂိမ်းတွေ ထုတ်လုပ်နေတဲ့ EA Sports ဆိုရင် သူ့ပုံကိုအဓိက အသုံးချနေ တာဖြစ်ပါတယ်။ လက်ရှိမှာ ကျန်တဲ့ စပွန်ဆာတွေကတော့ ဘာမှ မထုတ်ပြန်သေးပေမယ့် EA Sports ကတော့ သူတို့ရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ သူဟာ CR7 အမည်နဲ့ အလှကုန်နဲ့ အ၀တ်အစားတွေ ထုတ်လုပ်နေလို့ ဒီပြဿနာသာ တကယ်ထိခိုက်ခဲ့မယ်ဆိုရင် ပေါင် ၁ ဘီလီယံအထိ လက်လွှတ်ရနိုင်တယ်လို့ ဆိုနေကြတာဖြစ်ပါတယ်။

90Minutes