တရုတ်ပိုးလမ်းမသစ်စီမံကိန်းတွင် ပူးပေါင်းသည့် ပထမဆုံး ဂျီ-၇ အဖွဲ့ဝင်နိုင်ငံ အီတလီ ဖြစ်လာ

အာရှမှ ဥရောပအထိ ကျယ်ပြန့်သော သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး တရုတ်အစိုးရ၏ ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်ရန် အီတလီသည် မတ်လ ၂၃ ရက်က တရုတ်နှင့် တုပ်နှောင်မှု မရှိသည့် စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် အီတလီသည် တရုတ်၏ ကြီးမားသော စီမံကိန်းတွင် ပါဝင်ရန် လက်မှတ်ထိုးသော ပထမဆုံး ဂျီ-၇ အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။

အီတလီသို့ အလည်အပတ် ရောက်နေသည့် တရုတ်သမ္မတ စီကျင်းပင်နှင့် အီတလီဝန်ကြီးချုပ် ဂျူဆက်ပီကွန်တီ တို့သည် နားလည်မှုစာချွန်လွှာ ၂၉ ခု လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယင်းစာချွန်လွှာများ တန်ဖိုးသည် ယူရိုငါးဘီလီယံမှ ခုနစ်ဘီလီယံအထိ ရှိသည်ဟု အီတလီမီဒီယာများက ပြောသည်။ ထို့အပြင် တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဟီလီဖန်း၊ အီတလီလက် ထောက်ဝန်ကြီးချုပ်နှင့် အီတလီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒီမိုင်အိုတို့လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။

ကန်ဒေါ်လာ တစ်ထရီလီယံတန် ပိုးလမ်းမသစ်စီမံကိန်းနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ စိတ်မသက်မသာ ဖြစ်မှုကို လျော့ပါးသက်သာစေရန် ကြိုးပမ်းခြင်းအဖြစ် စီကျင်းပင်သည် မတ်လ ၂၂ ရက်က အီတလီနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် ရောက်ရှိခဲ့ရာ ကော်ဇောနီခင်း ကြိုဆိုခံရသည်။

အကျိုးအမြတ်ရရှိသည့် အီတလီကုမ္ပဏီများတွင် တာဘိုင်များ ထုတ်လုပ်ရန် စာချုပ် ချုပ်ခွင့်ရရှိခဲ့သည့် Ansaldo အုပ်စုနှင့် အဇာဘိုင်ဂျန်နိုင်ငံတွင် သံနှင့် သံမဏိစက်ရုံ တည်ဆောက်ခွင့်ရရှိခဲ့သော Daneili အုပ်စုတို့လည်း ပါဝင်သည်။ ထို့အပြင် အီတလီစီးရီးအေ ဘောလုံးပွဲစဉ် အမြောက်အမြား တရုတ်နိုင်ငံသို့ လာရောက်ကစားရေး တရုတ်အစိုးရက တွန်းအားပေးနေစဉ် အမြွှာမြို့တော် သတ်မှတ်ရေး အပါအဝင် ယဉ်ကျေးမှု ချိတ်ဆက်ဖလှယ်မှု အစီအစဉ်တွင် ပါဝင်သည်။ 

—Ref: Reuters