မွေးရာပါ ရောဂါရှိတဲ့ ကလေးငယ်ရဲ့ မွေးနေ့မှာ ပျော်စရာဖန်တီးပေးခဲ့တဲ့ လက်ဝှေ့ချန်ပီယံ

ဗြိတိန်နိုင်ငံသား လိုက်ဟဲဗီးဝိတ်ချန်ပီယံ အန်သိုနီယာဒီဟာ မွေးရာပါ ဦးနှောက်နဲ့အာရုံကြောချို့ယွင်းမှု ခံစားနေရတဲ့ လက်ဝှေ့ပရိသတ် ကလေးငယ်တစ်ယောက်ကို အံ့အားသင့်စရာ မွေးနေ့ပွဲ ဖန်တီးပေးခဲ့ပါတယ်။ ချမ့်(Champ)လို့ အမည်ရတဲ့ ကလေးငယ်ဟာ ကန်နင်တောင်းမြို့က Peacock အားကစားခန်းမမှာ လက်ဝှေ့သမားတွေ လေ့ကျင့်တာကို မကြာခဏ လာရောက်ကြည့်ရှုခဲ့ပြီး WBC ခါးပတ်ကို သဘောကျနေသူပါ။

ဒီအကြောင်း သိသွားတဲ့ ယာဒီဟာ ကလေးငယ် ချမ့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် WBC ခါးပတ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ ချမ့်က အားကစားခန်းမမှာ အအေးသောက်နေတုန်း ယာဒီက သူ့အနားကို ကပ်သွားပြီး WBC ခါးပတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ချမ့်ဟာ ထိုင်ခုံက ထလာပြီး အရောင်တောက်ပတဲ့ မျက်လုံးတွေနဲ့ ခါးပတ်ကို ယူခဲ့ပါတယ်။ ပြီးတော့ ယာဒီကို ပွေ့ဖက်ခဲ့ပြီး လက်ဝှေ့သမားတွေ လုပ်နေကျပုံစံအတိုင်း ချန်ပီယံ ရွှေခါးပတ်ကို သူ့ပခုံးပေါ် တင်ခဲ့ပါတယ်။ ယာဒီဟာ အောက်တိုဘာလ ၂၀ ရက်နေ့ကျရင် ဘရန့်ဝုဒ်စင်တာမှာ ဆီကွီရာနဲ့ WBO ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် လေ့ကျင့်နေပါတယ်။