မော်ရင်ဟိုကို ဆန့်ကျင်တဲ့ပို့စ်အား Like လုပ်ခဲ့ခြင်းအတွက် ဗလန်စီယာ တောင်းပန်မှုပြုလုပ်ခဲ့

မန်ယူအသင်းခေါင်းဆောင်ဗလန်စီယာက ချန်ပီယံလိဂ်ပွဲအပြီး အင်စတာဂရမ်တွင် ပရိသတ်တစ်ဦးတင်ထားတဲ့ မော်ရင်ဟို ကို ဆန့်ကျင်တဲ့ပို့စ်အား Like လုပ်မိခြင်းမှာ အမှတ်တမဲ့ ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မန်ယူမှာ ချန်ပီယံလိဂ်တွင် ဗလင်စီယာနဲ့  သရေကျခဲ့ပြီးနောက် ၂၉ နှစ်အတွင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရတာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ရမယ့်အချိန်ရောက်ပြီလို့ ရေးပြီးတင်ခဲ့တာဖြစ်ပါတယ်။

အင်စတာဂရမ်မှာ ရေးပြီးတင်ခဲ့တဲ့ပရိသတ်က “ ဗလင်စီယာနဲ့ပွဲအဖြေက ဒီလိုဖြစ်လာတာ အံသြစရာ မရှိပါဘူး။ အသင်းရဲ့ပွဲတွေကို အမြဲကြည့်ခဲ့ပေမယ့် ခုတလောမန်ယူပွဲကြည့်ရတာဟာ ကိုယ်ကိုယ်ကို အပြစ်ပေးသလို ဖြစ်အောင် မော်ရင်ဟိုက လုပ်နေတာပါ။ တစ်ခုခုပြောင်းလဲရတော့မှာမို့ မော်ရင်ဟိုကို ထုတ်ဖို့အချိန်ရောက်ပါပြီ” လို့ရေးခဲ့တဲ့ ပို့စ်ကို ဗလန်စီယာက Like လုပ်မိခဲ့ခြင်းဖြစ်ပါတယ်။

ဗလန်စီယာက “ ကျွန်တော်အနေနဲ့ ပို့စ်ထဲမှာပါတဲ့ အကြောင်းအရာကို မဖတ်ဘဲ Like လုပ်ခဲ့မိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ အမြင်မဟုတ်သလို ကျွန်တော်ရဲ့ အပြုအမှုအတွက်လည်း တောင်းပန်ပါတယ်။ နည်းပြကိုရော အသင်းဖော်တွေကိုပါ အပြည့်အဝ ထောက်ခံမှုရှိပါတယ်။ ရလဒ်တွေ ပြန်ကောင်းလာဖို့အတွက် အားလုံး အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

-Ref; Sky sports