ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ချမ်းမြသာစည်​ စက်တင်ဘာ ၁၁

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမ၌ ချမ်းမြသာစည်​မြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင်သဘာပတိ အဖွဲ့မှနေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့သည်။
ထို့နောက် ချမ်းမြသာစည်​မြို့နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီ​ကော်မတီဝင် ဒေါ်မြ​အေးလှိုင်​က ဗဟိုအမျိုးသမီးညီလာခံအကြို ​ချမ်းမြသာစည်​မြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန်အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ် တတိယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီး နောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို ​ချမ်းမြသာစည်​မြို့နယ်​ ကျွန်းလုံးဥ​သျှောင်​ရပ်ကွက်မှ ပါတီဝင် မစန္ဒာ​အေးကလည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို ​အောင်​ပင်​လယ်​ရပ်​ကွက်​မှ ပါတီဝင် သိမ့်​သိမ့်​သူကလည်းကောင်း၊အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေး စာတမ်းကို မြို့သစ်​-၄ရပ်​ကွက်​မှပါတီဥက္ကဋ္ဌ မသင်းသင်းနိုင်​ကလည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းကို ချမ်းမြသာစည်​​တောင်​ရပ်​ကွက်​မှ ပါတီဝင်​မမာမာစန်းကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် ​ချမ်းမြသာစည်​မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်း တင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် ​ချမ်းမြသာစည်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးကိုကိုဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ် သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​ မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ ဦးမျိုးမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများအပါအဝင် စုစုပေါင်းအင်အား (၁၆၀) ဦးခန့်​ တက်ရောက်ခဲ့ကြောင်းသိရသည်။

သုတ(မန္တလေး)