လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှု သိပ္ပံပညာရှင်များအတည်ပြု

လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှုကို ပထမဆုံးအကြိမ် အတည်ပြုနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါလေ့လာတွေ့ ရှိချက်သည် တစ်နေ့ တွင် လူသားများ လကမ္ဘာပေါ်၌ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အကူအညီဖြစ်လာမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောဆို လိုက်သည်။ လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိသည့် လက္ခဏာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ သော်လည်း ယခင်လေ့လာတွေ့ရှိချက်များသည် တစ်မူထူးခြားသည့် အလင်းပြန်သော မြေကဲ့သို့ ထူးကဲဖြစ်ရပ် အားဖြင့်သာ ရှင်းပြ နိုင်ခဲ့ကြောင်း လေ့လာရေးအဖွဲ့ကပြောသည်။

ယခုကဲ့သို့ လကမ္ဘာပေါ်၌ ရေခဲပြင်တည် ရှိသည်ဟူသော အတည်ပြုချက်သည် သိပ္ပံ ပညာရှင်များ၏ ပထမဆုံး အကြိမ် သက်သေ အထောက်အထားဖြင့် အခိုင်အမာပြောဆို ခြင်းဖြစ်ကြောင်း ဟာဝိုင်ယီ တက္ကသိုလ်မှ ဂြိုဟ်များနှင့် ဘူမိရူပ လေ့လာရေး အဖွဲ့ခေါင်းဆောင် ရူအီလီက AFP သတင်းဌာနသို့ ပြောသည်။ အဆိုပါရေခဲပြင်သည် အဓိကအားဖြင့် လ၏ ဝင်ရိုးစွန်းများရှိ အလွန်အေးပြီး မှောင်ရိပ်ကျနေသော ချိုင့်ကြီး အတွင်း၌ တည်ရှိ ကြောင်းနှင့် ရေခဲပြင်ကို အိန္ဒိယ အာကာသ သုတေသနအဖွဲ့၏ ၂ဝဝ၈ ခုနှစ်တွင် လွှတ်တင်ခဲ့ သော Chandrayaan-1 အာကာသယာဉ်၏ တိုင်းတာရေးကိရိယာမှ ရှာဖွေတွေ့ရှိ ခြင်းဖြစ်သည်။

သုတေသနပညာရှင်များသည် Nasa ၏ တိုင်းတာမှု ကိရိယာမှ ရရှိသော အချက်အလက်ကို အသုံးပြုပြီး လ၏မျက်နှာပြင်ပေါ်၌ ရေခဲတွေ့ရှိမှုကို ဓာတုလက္ခဏာသုံးရပ်ဖြင့် ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ ရေခဲများတည်ရှိရာ လ၏ဝင်ရိုးစွန်းဒေသ များသည် အလွန်အေးကြောင်းနှင့် အနွေးဆုံး အပူချိန်မရှိဘဲ ပုံမှန် အပူချိန်သည် အနုတ် ၂၅ဝ ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိကြောင်း လီက ပြောသည်ဟု သိရသည်။ 

MWD