ဂျပန်နိုင်ငံ၏ သက်တမ်းရှည်ဝန်ကြီးချုပ် ဖြစ်လာနိုင်သည့် ရှင်ဇိုအာဘေး

တရုတ်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကာ သမ္မတတစ်ဦးသည် ငါးနှစ်သက်တမ်းကို နှစ်ကြိမ် ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ယင်းသို့ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမှုကြောင့် ရှီကျင့်ဖျင်သည် ၎င်းဆန္ဒရှိသည့်ကာလအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး၏ အာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ(LDP)သည် ပါတီတွင်းဥပဒေများကို ပြင်ဆင်ရေးဆွဲလိုက်သည်။ ပြင်ဆင်လိုက်သည့် ဥပဒေမှာ လက်ရှိပါတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့် သုံးနှစ်သက်တမ်းကို နှစ်ကြိမ်ဆက်တိုက်ထမ်းဆောင်ခွင့်မှ သုံးကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်အထိ ပြောင်းလဲပြင်ဆင်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်မတူသည့်အချက်က ဂျပန် နိုင်ငံ၏ဥပဒေပြောင်းလဲမှုသည် ပါတီတွင်း ကိစ္စရပ်တစ်ခု သာ ဖြစ်ခြင်းဖြစ်သည်။ ထိုပါတီ တွင်းဥပဒေသစ်ကြောင့် ရှင်ဇိုအာဘေးအနေ ဖြင့် ပါတီဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် သုံးနှစ် သက်တမ်းကုန်ဆုံးမည့် ၂၀၁၈ ခုနှစ် စက်တင် ဘာလတွင် တတိယအကြိမ် သုံးနှစ်သက် တမ်းကို ဆက်လက်ထမ်းဆောင်ခွင့်ရရှိနိုင် စေမည်ဖြစ်သည်။

သို့သော် ပြင်ဆင်လိုက်သည့်ဥပဒေသည် ရှင်ဇိုအာဘေးအနေဖြင့် ပါတီဥက္ကဋ္ဌအဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင် ခွင့်ရပါက လက်ရှိဝန်ကြီးချုပ်သက်တမ်းအပြီးတွင် ၎င်းကို နောက်ထပ် ၀န်ကြီးချုပ် သက်တမ်းအတွက် အလိုအလျောက်ခွင့်ပြုပေးခြင်း မဟုတ်ပေ။ ပါတီဥက္ကဋ္ဌနေရာရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသူက သာလျှင် ပါတီ ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။ အောက်လွှတ်တော်၌ လစ်ဘရယ်ဒီမိုကရက် တစ် ပါတီက အမတ်နေရာအများစု ရရှိထားသောကြောင့် ရွေးချယ်ခံရသောပါတီဥက္ကဋ္ဌကသာ ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

ယခုအခါ ပါတီဥက္ကဋ္ဌနေရာရွေးကောက်ပွဲကို စက်တင်ဘာ ၂၀ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အတည်ပြုကြေညာလိုက်ပြီဖြစ်သည်။ ထိုရွေးကောက်ပွဲ တွင် ရှင်ဇိုအာဘေး အနေဖြင့် ပြိုင်ဘက်ဟောင်းတစ်ဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂယ်ရူအီရှီဘာနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲအတွက် အမည်စာရင်းကို စက်တင်ဘာ ၇ ရက်တွင် တင်သွင်းရမည်ဖြစ်ပြီး ထိုနေ့မှာ ပင်မဲဆွယ်စည်းရုံးမှုကို တရားဝင်စတင်ပြုလုပ်ခွင့်ရမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ပါတီဥက္ကဋ္ဌနေရာရွေးကောက်ပွဲတွင် ရှင်ဇိုအာဘေးသည် ရှီဂယ်ရူအီရှီဘာ ကို ပွတ်ကာသီကာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင်မူ ရှင်ဇိုအာဘေးက ကန့်ကွက်သူမရှိအနိုင်ရရှိခဲ့သည်။ ယခုနှစ် တွင်ပြုလုပ် မည့် ပါတီဥက္ကဋ္ဌနေရာရွေးကောက်ပွဲတွင် ရှီဂယ်ရူအီရှီဘာ ပြန်လည်ပါဝင်လာသောကြောင့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွက် မကျေပွဲပြန်နွှဲခြင်းဖြစ်သည်ဟုပင် နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

ရှီဂယ်ရူအီရှီဘာသည် ပါတီဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲတွင်ပါဝင်မည်ဟု ယခုလအစောပိုင်းကတည်း က ပြောဆိုထားသည်။ ပါတီ ဥက္ကဋ္ဌဖြစ်ပြီးနောက် ၀န်ကြီးချုပ်သာဖြစ်လာပါက နိုင်ငံကို ရိုးသားစွာနှင့် ညီညွတ် မျှတစွာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်းနှင့် ရက် ၁၀၀ အတွင်း အစိုးရအဖွဲ့ကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အလေးပေး ပြောဆိုထားသည်။

ထို့ပြင် ယခုနှစ်အတွက် ရှင်ဇိုအာဘေး ကြုံတွေ့ရမည့် နောက်ထပ်အခက်အခဲတစ်ခု မှာ ပြည်ထဲရေးဝန်ကြီး ဆီကိုနိုဒါကလည်း ပါတီဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အသံထွက်လာခြင်းဖြစ်သည်။
All-Nippon News Network ကပြုလုပ်သော လူထုဆန္ဒစစ်တမ်းကောက်ယူမှုတစ်ခု တွင် ပြည်သူအများစုက ရှီဂယ်ရူအီရှီဘာကို ၀န်ကြီးချုပ်အဖြစ်မြင်တွေ့လိုကြောင်း ပြောဆိုထားသည်ကိုေ တွ့ရသည်။

သို့သော်လည်း ထိုရွေးကောက်ပွဲသည် ပါတီတွင်းကိစ္စသာဖြစ်သောကြောင့် ရှင်ဇို အာဘေးသာလျှင် အောင်မြင်မှုရရှိနိုင်မည်ဟု အချို့ကသုံးသပ်ထားသည်။ အကြောင်း မှာမူ ရှင်ဇိုအာဘေးသည် ၎င်း၏ဇနီးအပြင် ရင်းနှီးသောမိတ်ဆွေများပါဝင်သည်ဟူသောငွေကြေးအရှုပ်တော်ပုံနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လစ်ဘရယ် ဒီမိုကရက်တစ်ပါတီတွင် မျိုးဆက်သစ်နိုင်ငံရေးသမား ရှားပါးခြင်းနှင့် ရှင်ဇိုအာဘေးအတွက် ဘက်ညီသော ပြိုင်ဘက်ထွက်ပေါ်လာခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ပြိုင်ဘက်အချို့ကလည်း ရွေးကောက် ပွဲမှ နုတ်ထွက်ကာ ရှင်ဇိုအာဘေးကိုထောက် ခံလာကြသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏လမ်းစဉ်သည် ပြောင်းလဲသွားခြင်းမရှိသေးသည့် အတွက် ရှင်ဇိုအာဘေး အနေဖြင့် ပါတီဥက္ကဋ္ဌ ရာထူးကိုစွန့်လွှတ်ရဖွယ်မရှိကြောင်း တမ်ပယ် ဂျပန်တက္ကသိုလ်မှ ဒေါက်တာဂျက်ဖရီ ကင်းစ တန်ကပြောသည်။ ဆိုဖီယာတက္ကသိုလ်မှ ဒေါက်တာကိုအီချီနာကာနိုကမူ ရှင်ဇိုအာဘေး အနေဖြင့် ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိ နိုင်ခြေရှိသော်လည်း ကြီးမားလှသောဆုံးရှုံး မှုကိုပေးဆပ်ရပြီးမှ ရရှိသော အောင်မြင်မှုဖြစ် လာနိုင်သည်ဟု သတိပေးထားသည်။

ရှင်ဇိုအာဘေးသည် ကမ္ဘာတစ်ဝန်းသို့ခြေ ဆန့်ကာ နိုင်ငံများအားလုံးနီးပါးနှင့်မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ပစိဖိတ်ဖြတ်ကျော် စီးပွားရေး မိတ်ဖက်အဖွဲ့မှ နုတ်ထွက် သွားသည့်အတွက် ရှင်ဇိုအာဘေးက ထိုအဖွဲ့ကို ဦးစီးဦးဆောင်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ရှင်ဇိုအာဘေးသည် ပါတီဥက္ကဋ္ဌရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ခြေ အများဆုံးသူဖြစ်သည်။

အကယ်၍ ထိုရွေးကောက်ပွဲတွင် ရှင်ဇို အာဘေးသာအနိုင်ရရှိပါက ၎င်းသည် ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ကြီးကြပ်ခွင့်ရမည့်အပြင် ဒုတိယကမ္ဘာစစ် ပြီးနောက် ဂျပန်နိုင်ငံ၏ သက်တမ်း အရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

MWD