ပုထိုးနီကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

ကျောက်ဆည် သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းသည် မြို့နယ်ကော်မတီဝင်များလိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီက ပုထိုးနီကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ပါတီကော်မတီ ဦးစိုးဝင်းနေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဆွေဦးနှင့် ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးပိုင်နှင့်ကော်မတီဝင်များ၊ လူငယ်ပါတီဝင် ဦးအောင်ဇော်မိုးနှင့် ပါတီဝင်အမျိုးသားအမျိုးသမီးလေးများ၊ ဒေသခံရွာမိရွာဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းနှင့်အတွင်းရေးမှူး ဦးဆွေဦးတို့က ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်ကို မင်္ဂလာအချိန်အခါ နံနက် ၉ နာရီတွင် အမွှေးနံ့သာရည်များပက်ဖျန်း၍ စိုက်ထူခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက တက်ရောက်လာကြသည့် ဒေသခံပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင် လူငယ်အမျိုးသားအမျိုးသမီးလေးများ၊ ရွာမိရွာဖများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အမှာစကားပြောကြားကာ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ အောင်ရမည် အောင်ရမည် ကြွေးကြော်သံများဖြင့် အောင်မြင် စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)