ဟက်ထရစ်ရခဲ့တဲ့ အဂွေရို ကို နည်းပြ ဂွါဒီယိုလာ ချီးကျူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွေရိုမှာ အကောင်းဆုံးပုံစံရရှိနေကြောင်း ဟက်ဒါဖီးလ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အဂွေရို ဟာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီ ဟက်ထရစ် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။

ဟက်ဒါဖီးလ်နဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ အဂွေရိုဟာ သူရဲ့ကစားသမားဘဝတစ်လျှောက် ဟက်ထရစ် ရရှိမှုက ၁၃ ကြိမ်အထိ ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရရှိခဲ့တဲ့အကြိမ် အရေအတွက်ကတော့ ၉ ကြိမ်အထိရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အကြိမ်အရေအတွက် အများဆုံးသွင်းယူထားသူက အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယား ဖြစ်ပြီး ၁၁ ကြိမ်အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာ က “ အသင်းကို တာဝန်ယူကတည်းက သူရဲ့အကောင်းဆုံးပုံစံကို အခုမှ တွေ့ရတာပါ။ ဘောလုံးရှိတဲ့ အချိန်မှာ ရော ၊ဘောလုံးမရှိတဲ့ အချိန်မှာပါ အကောင်းဆုံးကစားနိုင်တာ တွေ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

-Ref: Sky sports