ALPINE CUP တောင်ကိုရီးယား ဗိုလ်စွဲ၊ မြန်မာအသင်း ထိုင်းကို နိုင်ပြီး ဒုတိယဆုရ

ALPINE CUP 2018 လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို တောင်ကိုရီးယား ယူ-၁၉ အသင်းက ရရှိသွားပြီး ဒုတိယဆုကို အိမ်ရှင် မြန်မာ ယူ-၂၃ အသင်း၊ တတိယဆုကို ဘာရိန်း ယူ-၂၃ အသင်းတို့က အသီးသီး ရရှိသွားပါတယ်။

ALPINE CUP 2018 ဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့မှာ သြဂုတ် ၁ ရက်ကနေ  ၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။

မနေ့ညနေက နောက်ဆုံး ကန်သွားတဲ့ပွဲစဉ်မှာ တောင်ကိုရီးယား ယူ-၁၉ အသင်းက ဘာရိန်းယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး  သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ၉ မှတ်နဲ့ ဗိုလ်စွဲသွားတာပါ။

ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့  မြန်မာ ယူ-၂၃ အသင်းက ထိုင်း ယူ-၂၃ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရလို့ ဒုတိယဆုကို ရယူနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းစစချင်း ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာပဲ တိုက်စစ်မှူး အောင်သူက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် အသင်းခေါင်းဆောင် ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကိုတော့ တောင်ကိုရီးယား ယူ-၁၉ အသင်းမှ HWANG TAEHYEON က ရရှိသွားပါတယ်။ ဆုကြေးငွေအဖြစ်တော့ ပထမရတဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဒုတိယ ရတဲ့ အသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ချီးမြှင့်ခဲ့ပါတယ်။

Source: MFF