ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် မြောက်ကိုရီးယားက အမေရိကန်ကို တိုက်တွန်း

ဆိုး သြဂုတ် ၆

နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အမေရိ ကန် အစိုးရကို သြဂုတ် ၆ ရက်တွင်တိုက်တွန်းလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရသည် ကုလ သမဂ္ဂက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ချိုးဖောက်ဖွယ် ရှိသည့် ကျောက်မီးသွေး တင်ပို့မှုများနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ် ဆေးမှုများ လုပ်ဆောင်နေ ချိန်နှင့် မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များကို ရပ်တန့်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာတစ်စောင် တွင်ဖော်ပြပြီးနောက် မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က ယခုကဲ့သို့ တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ကျောက်မီးသွေးများကို ရုရှားသို့ ပို့ကုန်အဖြစ် တင်ပို့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အကောက်ခွန်အရာရှိများက ပြောသည်။ သို့ရာတွင် ထိုကုန်သွယ်မှုတွင် ပါဝင်သည့် သင်္ဘောအရေအတွက်နှင့် ကုမ္ပဏီများ၏ အမည်များကိုမူ အတိအကျ ထုတ်ဖော် ပြောရန် အဆိုပါ အရာရှိများက ငြင်းဆိုထားသည်။

စစ်ဆေးမှုများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယား ကလုပ်ဆောင်သည့် ကုန်သွယ်မှုများအနက် အချို့မှာတရားဝင် ဖွယ်ရှိကြောင်း ၎င်းတို့က ဆိုသည်။

မြောက်ကိုရီးယားနှင့် အမေရိကန်ခေါင်း ဆောင်တို့သည် မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များ အဆုံးသတ်ရေး လုပ်ဆောင်ရန် စင်ကာပူနိုင်ငံ၌ ယခုနှစ် ဇွန်လတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ကတိပြုထားသည်။

ထို့နောက် မြောက်ကိုရီးယား အစိုးရသည် ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်ခြင်းကို ရပ်ဆိုင်းခဲ့သည့် အပြင် ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို အမေရိကန်ပြည် ထောင်စုသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Ref: Reuters