တပ်မတော်အနေဖြင့် လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရလိုသည့်ဆန္ဒရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော

တပ်မတော်အနေဖြင့် လက်ရှိအစိုးရကာလ၌ပင် ခိုင်မာသည့် ငြိမ်းချမ်းရေးရလိုသည့် ဆန္ဒရှိကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ JMC-U ၏(၁၇)ကြိမ် မြောက်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ ၎င်းက အဖွင့်နှုတ်ခွန်းဆက်မိန့်ခွန်း တွင် ယခုကဲ့သို့ ပြောကြားသည်။

‘‘ကျွန်တော်တို့တပ်မတော် အနေနဲ့ လက်ရှိအစိုးရကာလမှာပဲ ကျွန်တော်တို့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးကို ရရှိလိုတဲ့ဆန္ဒရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ တပ်မတော်အပြင် တပ်မတော်အကြီးအကဲကလည်း ဒီအတိုင်းပဲ ဆန္ဒရှိတာဖြစ်ပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတိုးတက်အောင်မြင်မှုရရှိရန် နောက်ကြောင်းပြန်စဉ်းစားမှုမျိုး မပြုလုပ်ဘဲ ရှေ့ဆက် သွားရမည့် လမ်းကြောင်းကိုသာ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာ ထာဝရငြိမ်းချမ်းရေးရရှိ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း JMC-U အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်က ဆိုသည်။

‘‘တိုင်းရင်းသားပြည်သူအားလုံးကလည်း လက်နက်ကိုင်ပဋိ ပက္ခချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလျက်ရှိပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ NCA ဟာ ကျွန် တော်တို့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မဟာဗျူဟာ တစ်ခုဖြစ်သလို NCA မှာ ပါဝင်တဲ့ ကတိကဝတ်များ ကိုလည်း လိုက်နာစောင့်ထိန်းဖို့ လိုအပ်ပါတယ်’’ ဟု ၎င်းက ပြောသည်။   အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်၌ စတင်ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံ တတိယ အကြိမ်အစည်းအဝေးကို ဇူလိုင် ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်သည်။