အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းများတွင် ယုံကြည်မှုပျက်ပြားစေသည့် လုပ်ဆောင်ချက်များ ရှောင်ရှားရန် JMC တိုက်တွန်း

အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုပျက်ပြားစေသည့် လုပ်ဆောင် ချက်များရှောင်ရှားရန် ပြည်ထောင်စု အဆင့် JMC ဥက္ကဋ္ဌများက တိုက်တွန်းသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏(၁၇)ကြိမ် မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဇူလိုင် ၃ ရက်တွင် စတင်ပြုလုပ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန် လက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ခြင်းသည် အဓိက နေရာတွင် ပါဝင်နေသည်ဟု ပြည်ထောင်စုအဆင့် JMC ဒုဥက္ကဋ္ဌ ကရင်အမျိုးသား အစည်းအရုံးမှ ဗိုလ်ချုပ်စောအိုက် ဇက်ဖိုးက အစည်းအဝေးတွင် ပြောသည်။ ‘‘တချို့ဒေသတွေမှာဆိုရင် ယုံကြည်မှုအဆင့်ဟာ အလွန်နိမ့်ကျနေပါ သေးတယ်။ ဒါကြောင့် JMC အကောင်အထည် ဖော်မှု တွေဟာ ယုံကြည်မှုပျက်ပြားစေနိုင်တဲ့ လုပ်ဆောင်မှုတွေကို ရှောင်ရှားဖို့နဲ့ လက်နက်ကိုင်နှစ်ဖက်အကြား စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပြီး ယုံကြည်မှုတွေ မြှင့်တင်စေနိုင်တဲ့ နည်းသစ်၊ လမ်းသစ်များကို ညှိနှိုင်းရှာဖွေအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်’’ဟု ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက ပြောသည်။

NCA တွင် ပါဝင်သည့် အဖွဲ့အစည်းများသည် အောက်ခြေတပ်မှူးအဆင့်ဆင့် ခင်မင်ရင်းနှီး မှုများရရှိအောင် တွေ့ဆုံမှုများ အစဉ်ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေခံ၍ ပဋိပက္ခများ လျော့နည်း အောင် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် JMC ဥက္ကဋ္ဌ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

ယင်းအစည်းအဝေးသို့ JMC-U အဖွဲ့ဝင်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သားအစု အဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီအဖွဲ့ဝင်များ လည်း လေ့လာသူအဖြစ် တက်ရောက်သည်။ ထို့အပြင် အရပ်သား ကိုယ်စားလှယ် စိုင်းမျိုးသန့်က အလှည့်ကျဒုတိယဥက္ကဋ္ဌ(၂) အဖြစ် ပထမဆုံးတာဝန်ယူတက်ရောက်လာသည်။

အစည်းအဝေးကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ကာ JMC-U ၏ပြီးခဲ့သည့် နှစ်လအတွင်းဆောင် ရွက်ချက်များ၊ ကြားကာလအတွင်း အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်နှင့် ဒေသဆိုင်ရာအဆင့်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၏လုပ်ပိုင်ခွင့်နှင့် တာဝန်များမူကြမ်း၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ် များ၏ လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်သည်များကို ဆွေးနွေးရန်ရှိကြောင်း JMC ကော်မတီက သတင်းထုတ်ပြန်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် မူကြမ်းနှင့် ဘဏ္ဍာရေး ဆိုင်ရာများ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ(LCM) များနှင့်ပတ်သက်သည့် လုပ်ငန်း အကောင်အထည်ဖော်မှုအခြေအနေများလည်း ဆွေးနွေးမည်ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။