ဆစ်ခ်ဘာသာဝင် ၁၃ ဦးသေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်ခံရအပြီး အာဖဂန် ဆစ်ခ်ဘာသာဝင်တွေ အိန္ဒိယကို ပြောင်းရွှေ့ ဖို့  စဉ်းစားနေ

အာဖဂန်နစ္စတန်နိုင်ငံ ဂျာလာလာဘတ်မြို့ မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ၄င်းတို့ ဘာသာဝင် ၁၃ ဦး သေဆုံးခဲ့ရအပြီး အာဖဂန်မှာ နေထိုင်တဲ့ ဆစ်ခ်ဘာသာဝင် လူနည်းစုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကြဖို့  စဉ်းစာနေကြပြီလို့  ဆိုပါတယ်။

အိုင်အက်စစ်သွေးကြွအုပ်စုရဲ့ လက်ချက်လို့ သိရတဲ့ ဇူလိုင် ၁ ရက်နေ့က အသေခံဗုံးဖောက်ခွဲမှုအတွင်း ဆစ်ခ်ဘာသာဝင် ၁၃ ဦးအပါအ၀င် လူ ၂၀ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ဆစ်ခ်ဘာသာဝင်တွေထဲမှာ ယခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်မယ့် ပါလီမန်ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဆစ်ခ်ကိုယ်စား လှယ်လောင်း အက်ဗ်တာဆင်း ခါဆာနဲ့ ဆစ်ခ်ဘာသာဝင်အသိုင်းအ၀ိုင်းရဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ရာဝီဆင်းတို့လည်း သေဆုံးခဲ့ပါတယ်။

“ကျွန်တော်ကတော့ ရှင်းပါတယ်၊ ကျွန်တော်တို့ ဒီမှာ ထပ်မနေနိုင်တော့ပါဘူး” လို့  ပေါက်ကွဲမှုအတွင်း ဦးလေးဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် တီဂျေဗာဆင်းက ပြောဆိုပါတယ်။ “ ကျွန်တော်တို့ ရဲ့ ဘာသာရေး အလေ့အထတွေကို အစ္စလာမ်မစ် အကြမ်းဖက်သမားတွေက လုံးဝလက်ခံမှုမရှိပါဘူး၊ ကျွန်တော်တို့က အာဖဂန်တွေပါ၊ ကျွန်တော်တို့ ကို အစိုးရက အသိအမှတ်ပြုထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ မွတ်ဆလင်မဟုတ်တာကြောင့် အကြမ်းဖက်သမားတွေက ပစ်မှတ်ထားကြပါတယ်” လို့ ဟိန္ဒူ၊ ဆစ်ခ် အမျိုးသားရေးဆိုင်ရာ အဖွဲ့ အစည်းတစ်ခုရဲ့  အတွင်းရေးမှူးလည်းဖြစ်သူ ဆင်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

အာဖဂန်နိုင်ငံရဲ့  ဆစ်ခ်လူမှုအသိုင်းအ၀ိုင်းမှာ အခုဆိုရင် မိသားစု ၃၀၀ အောက်သာရှိနေတာဖြစ်ပြီး သူတို့ အတွက် ဘုရားကျောင်းဟာ ဂျာလာလာဘတ်နဲ့ ကဘူးလ် မှာ တစ်ကျောင်းစီသာ ရှိတယ်လို့  ဆင်းက ပြောပါတယ်။ သို့သော်လည်း တစ်နိုင်ငံလုံးနီးပါး မွတ်ဆလင်တွေဖြစ်ကြတဲ့ အာဖဂန်မှာ ၁၉၉၀ ခုနှစ် ပြည်တွင်းစစ်ကြီး မဖြစ်ပွားမီကတော့ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင် လူဦးရေ ၂၅၀၀၀၀ လောက်ရှိခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနရဲ့  ထုတ်ပြန်ချက်အရ အာဖဂန်နေထိုင်တဲ့ ဆစ်ခ်နဲ့ ဟိန္ဒူဘာသာဝင် ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ၄င်းတို့ဟာ တရားဝင်နိုင်ငံရေးကိုယ်စားလှယ်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိထားသော်ငြားလည်း အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ တရားလက်လွတ်စီရင်မှုတွေ၊ နှောင့်ယှက်စော်ကားမှုတွေကို အကြမ်းဖက်မှုတွေ အများအပြားနဲ့ ရင်ဆိုခဲ့ကြရတာကြောင့် ထောင်ပေါင်း များစွာသော ဘာသာဝင်တွေဟာ သူတို့ရဲ့ အမိမြေကို စွန့်ခွာကာ အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်း နေထိုင်ခဲ့ကြ ရပါတယ်။

Ref: Reuters / akonthi