တာလတ်ပစ်ဒုံးလက်နက်များဟန့်တားရေးစာချုပ်မှ အမေရိကန် နုတ်ထွက်ပါက ရုရှား နုတ်ထွက်မည်

ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံအနေဖြင့် တာလတ်ပစ်နျူကလီးယားဒုံး လက်နက်များ ဟန့်တားရေး စာချုပ်မှ နုတ်ထွက်မည်ဆိုပါက ၎င်းတို့ နိုင်ငံအနေဖြင့်လည်း အဆိုပါသဘောတူ စာချုပ်မှ ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်းနှင့် ဒုံးကျည်အသစ်များ စမ်းသပ်ထုတ်လုပ်ခြင်းကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ သဘောထားသည် အမေရိကန်ပြည်ထောင်စု၏ လုပ်ဆောင်ချက်များနှင့် ပုံရိပ်ထင်ဟပ်လျက် ရှိမည်ဖြစ်ပြီး ဝါရှင်တန်အနေဖြင့် အဆိုပါသဘောတူစာချုပ်မှ နုတ်ထွက်မည်ဆိုပါက မော်စကိုအနေဖြင့်လည်း နုတ်ထွက်ရမည်ဖြစ်သည်ဟု သမ္မတပူတင်က ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗ်ရိုဗ်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂျေး ရှုဂူတို့နှင့် တွေ့ဆုံစဉ် မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက တာလတ်ပစ်နျူကလီးယားဒုံးလက်နက်များ ဟန့်တားရေးစာချုပ်မှ နုတ်ထွက်ရန် သမ္မတ ထရန့်က ရက်အနည်းငယ်အကြာက ပြောကြားခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်က အထက်ပါအတိုင်း မှတ်ချက် ပြုခဲ့ခြင်းဖြစ်သည်။ 

(ကြေးမုံ)