ဇန်န၀ါရီလ မြန်မာလိဂ် အကောင်းဆုံးဆုများကို ရတနာပုံအသင်း သိမ်းပိုက်

ဇန်န၀ါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် ရတနာပုံတိုက်စစ်မှူး ၀င်းနိုင်ထွန်း(ဓာတ်ပုံ − MNL)

 

ဇန်န၀ါရီလအတွက်  တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း တိုက်စစ်မှူး ၀င်းနိုင်ထွန်းနှင့် အကောင်းဆုံးနည်းပြဆုကို ရတနာပုံနည်းပြ ဦးအောင်ကျော်မိုးတို့ ရရှိခဲ့သည်။

အဆိုပါ အကောင်းဆုံးဆုများကို ဖေဖော်ဝါရီ ၂ ရက်က မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်သည့် ရတနာပုံနှင့် မကွေးအသင်းတို့ ပွဲစဉ်မတိုင်မီ ချီးမြှင့်ခဲ့သည်။

ရတနာပုံ လူငယ်တိုက်စစ်မှူး ၀င်းနိုင်ထွန်းသည် ယခုနှစ် ဘောလုံးရာသီတွင် အသင်းဖော်များနှင့် အတွဲအဖက်မိမိ ကစားနိုင်ပြီး ရာသီအစ အဖွင့်ပွဲစဉ်သုံးပွဲ သုံးဂိုးအထိ သွင်းယူနိုင်သဖြင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း မြန်မာလိဂ် တာဝန်ရှိသူတစ်ဦးက  ပြောသည်။

‘‘တစ်လတာ အကောင်းဆုံး ဆုရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ အသင်းဖော်တွေအားလုံး ကူညီပံ့ပိုးပေးလို့ရခဲ့တာပါ။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ရတနာပုံအသင်းအတွက် ကြိုးစားပေးဆပ် ကစားသွားပါမယ်’’ဟု အကောင်းဆုံး ကစားသမား ဆုရှင် ၀င်းနိုင်ထွန်း က ပြောသည်။ ထို့အပြင် ၀င်းနိုင်ထွန်း သည် ဖေဖော်ဝါရီ ၂ ရက်က ယှဉ်ပြိုင်သည့် ရတနာပုံနှင့် မကွေး ပွဲစဉ် တွင် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် ရတနာပုံက မကွေးကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယခုနှစ် မြန်မာလိဂ်တွင် ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်သည့် ရတနာပုံအသင်းသည်  ဇန်န၀ါရီအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များအတွင်း ရှုံးပွဲမရှိခဲ့ဘဲ တစ်ပွဲနိုင်၊ နှစ်ပွဲသ ရေကျခဲ့သည်။ ရတနာပုံအသင်း သည် ပွဲစဉ်သုံးပွဲတွင် လက်ရှိချန်ပီယံ ရန်ကုန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဧရာဝတီကို နှစ်ဂိုးစီ  သရေ၊ ရှမ်းကို နှစ်ဂိုးစီ သရေရ လဒ်ထွက်ပေါ်ခဲ့သည်။ မြန်မာ လိဂ်ပွဲစဉ် (၄) အပြီးတွင် ရတနာပုံ အသင်းက ရမှတ် ရှစ်မှတ်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံး၌ ယာယီ ဦးဆောင်နေသည်။

တစ်လတာ အကောင်းဆုံးကစားသမားဆုရရှိသည့် ၀င်းနိုင်ထွန်းကို ဆုကြေးကျပ်တစ်သိန်းခွဲ နှင့်  ဆုတံဆိပ် ပေးအပ်ပြီး အကောင်းဆုံးနည်းပြဆုရရှိသည့် ရတနာပုံနည်းပြ ဦးအောင်ကျော်မိုးကို ဆုကြေးကျပ်တစ်သိန်းနှင့် ဆုတံဆိပ်ပေးအပ်ခဲ့သည်။ 

7Days