ကင်ဂျုံအန်းနှင့် ဆွေးနွေးရန် ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယားကို ဇူလိုင် ၅ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။

“ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ဖို့၊ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူ့အစိုးရအဖွဲ့တို့ကို တွေ့ဆုံဖို့ ဝန်ကြီး ပွန်ပီယို ဇူလိုင် ၅ ရက်မှာ မြောက်ကိုရီးယားကို သွားပါလိမ့်မယ်” လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဆာရာ ဆန်ဒါက ပြောကြား သွားတာဖြစ်ပါတယ်။

“အချိန်တနှစ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရရင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားက နျူလက်နက်ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် သူတို့ရဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်ကို တနှစ်အတွင်း ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်ပါတယ်။ လက်ရှိအချိန်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ကြီးမားတဲ့ အရှိန်အဟုန် ရရှိနေပါပြီ။ ကျမတို့အနေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ အတူအကွ ရှေ့ဆက်နေပါတယ်” လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါက ပြောကြား သွားပါတယ်။

DVB