အမောင်းသင်ဂျက်လေယာဉ် ၆၆ စီး တည်ဆောက်ရန် ထိုင်ဝမ်အစိုးရ စီစဉ်

ထိုင်ဝမ်အစိုးရဟာ အမောင်းသင် ဂျက်လေယာဉ် ၆၆ စီး တည်ဆောက်ဖို့ စီစဉ်နေပြီး တရုတ်နိုင်ငံရဲ့ဘေးကနေ ကာကွယ်မှု မြှင့်တင်ဖို့ စီမံကိန်းအစိတ်အပိုင်းလည်း ဖြစ်တယ်လို့ သမ္မတ ဆိုင်အင်းဝမ်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ဒီလေယာဉ်တွေ ပျံသန်းနိုင်မယ့်အချိန်ကို ၂၀၂၀ လို့ သတ်မှတ် စီစဉ်နေပါတယ်။

ခေတ်မီ မော်ဒယ်လ်အသစ် အမောင်းသင် ဂျက်လေယာဉ်တွေအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အနာဂတ် လေကြောင်းတိုက်ခိုက်မှုစွမ်းရည် တိုးတက်ဖို့ အခြေခံအုတ်မြစ်သာမက လေကြောင်းနဲ့ အာကာသလုပ်ငန်း ဆက်ပြီး တိုးတက်စေဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းအတွက် လက်မှတ်ထိုးပွဲမှာ သမ္မတက ပြောပါတယ်။

အမောင်းသင် ဂျက်လေယာဉ်တွေကို ထိုင်ဝမ် စစ်လေယာဉ်ထုတ်လုပ်ငန်းဖြစ်တဲ့ အာကာသ စက်မှုတိုးတက်ရေး ကော်ပိုရေးရှင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်မှာပါ။

ထိုင်ဝမ်ဟာ သံတမန်နည်းလမ်းအရ အထီးကျန်နေပြီး အမေရိကန် တနိုင်ငံတည်းကိုသာ လက်နက်ဖြန့်ဖြူးမှု အတွက် အားကိုးနေရတာပါ။

ခေတ်မီ စစ်လက်နက်ပစ္စည်းတွေရဖို့ ရုန်းကန်နေရသလို ထိုင်ဝမ် ရေလက်ကြားကနေ ကျွန်းအနောက်ဘက်ခြမ်းထိ ၁၁၂ မိုင်ကျယ်တဲ့ နေရာအတွင်း တရုတ်အင်အား တိုးလာတာကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဇန်နဝါရီ အစောပိုင်းတို့မှာ တရုတ်ဟာ သူ့ရဲ့ လေယာဉ်တင်သင်္ဘောကို ထိုင်ဝမ်ကျွန်းကိုပတ်ရင်း ခုတ်မောင်းခဲ့ပြီး ဒါဟာ ပုံမှန် စစ်ရေးလေ့ကျင့်မှုသာ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးဘက်ကို ယိမ်းတဲ့ သမ္မတနဲ့ သူ့အစိုးရကို တရုတ်ပြည်မကြီးအစိုးရက မယုံပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကို တရုတ်ရဲ့ သင်းကွဲပြည်နယ်အဖြစ် မှတ်ယူထားပါတယ်။

(DVB)