ဖိလစ်ပိုင်၌ ကူးတို့သင်္ဘောမီးလောင်မှု ၁၂ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည် ၂၅၀ လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၂ ယောက်သေဆုံးကာ ၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ကြာသပတေး နေ့က ဖြစ်ပွားခဲ့တဲ့ MY Lady Mary Joy 3 ကူးတို့သင်္ဘော မီးလောင်မှုဖြစ်စဉ်အတွင်းမှာ ကယ်ဆယ်ရေးသမားတွေ ကယ်တင်ထားနိုင်တဲ့ လူအများစုဟာ မီးအားကောင်းလာတဲ့အတွက် ကြောက်လန့်တကြား ရေထဲခုန်ချသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ် နေပါတယ်။

ညတွင်းချင်းမှာပဲ အဲဒီကူးတို့သင်္ဘောနဲ့အတူ လိုက်ပါတဲ့ ခရီးသည်တွေအားလုံးကို ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်တင်ထားနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ အာဏာပိုင်တွေက ရေထဲကနေ ဆယ်ယူရရှိ ထားတဲ့ လူစာရင်းကို ကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ လိုက်လံစိစစ်ကောက်ခံနေတာကြောင့် ကယ်ဆယ်ရရှိသူ စာရင်းဟာ အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီကူးတို့သင်္ဘောဟာ ဆူလူပြည်နယ်ကနေ ဇမ်ဘိုအန်ဂါ မြို့ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းနေချိန် လမ်းခုလတ်မှာ မီးစွဲလောင်ခဲ့တာပါ။ ဖြစ်စဉ်အတွင်း သေဆုံးသူတွေ ထဲမှာ အနည်းဆုံး ကလေးငယ် ၃ ယောက် ပါဝင်ပြီး အနည်းဆုံး ခရီးသည် ၂၃ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ သေဆုံးသူအများစုဟာ ရေနစ်သေဆုံးကြတာ ဖြစ်ပြီး ပင်လယ်ထဲမှာပဲ ရုပ်အလောင်းကို ဆယ်ယူရရှိတာလို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။