အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ရွှေနှင့်ငွေ နှစ်ခုစီရရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ မြန် မာနိုင်ငံက ရွှေတံဆိပ်နှင့် ငွေတံဆိပ်နှစ်ခုစီ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၅ မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်ပြည်နယ်တွင် ကျင်းပပြီး ၁၁ နိုင်ငံမှ ကစားသမား ၅၀ ကျော် ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်း၌ ကျော်မင်းသန်းက ရွှေတံဆိပ်တစ်ခုနှင့် ၇၀ ကီလိုတန်းတွင် သောင်းတန်က ရွှေတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သည်။

ထို့အပြင် ၆၅ ကီလိုတန်းတွင် ထွန်းဝင်းနိုင်က ငွေတံဆိပ်တစ်ခုနှင့် အမျိုးသမီး Athletic Physique ပြိုင်ပွဲတွင် နှင်းနှင်းအေးက ငွေတံဆိပ်တစ်ခု ရရှိသည်။ အမျိုးသားကာယဗလပြိုင်ပွဲ ၈၅ ကီလိုတန်းတွင် မြန်မာမှ ဆလိုင်းကျော်အေးက စတုတ္ထဆု၊ အမျိုးသမီး Model Physique ပြိုင်ပွဲတွင် သန္တာဦးက ပဉ္စမဆုရရှိသည်။

‘‘ကျွန်တော် မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်တွေ ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ဆုရတဲ့ ကစား သမားတွေအတွက်လည်း ဂုဏ်ယူပါတယ်။ ဆုမရတဲ့ ကစားသမားတွေလည်း နောက်ထပ်ပွဲတွေမှာ ပိုကောင်းအောင် ကြိုးစားသွားကြပါ။ ဒီပြိုင်ပွဲက လာမယ့်နှစ် ကျွန်တော်တို့ဆီမှာ လုပ်မယ့် အိမ်ရှင်ပြိုင်ပွဲအတွက် အားတက်စေပါတယ်’’ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့နည်းပြ ဦးကျော်စိန်သန်းကပြောသည်။

မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့သည် ယင်းပြိုင်ပွဲတွင် အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး၊ စုစုပေါင်းရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး နည်းပြအဖြစ် ဦးကျော်စိန်သန်းနှင့် ဒေါ်တင်မမမျိုးတို့က တာဝန်ယူဆောင်ရွက်ခဲ့သည်။

7Days