ပရီးမီးယားလိဂ်ကို ကျောခိုင်းသွားခဲ့တဲ့ ဂန္ထ၀င်ကစားသမား ရွန်နီ

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မေဂျာလိဂ်အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇူလိုင် (၁၀) ရက်နေ့မှာ ရွန်နီဟာ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့မှု အပြီးသတ် ပြည့်စုံတော့မှာလည်း ဖြစ်ပါတယ်။

ဝိန်းရွန်နီ နဲ့ ဒီစီယူနိုက်တက်တို့ဟာ (၃)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပါဝင်မှုမရှိဘူးလို့ သိရပါတယ်။ အဲဗာတန် နဲ့ ဒီစီယူနိုက်တက်တို့ကြားမှာ ရွန်နီအတွက် လျော်ကြေးငွေ အဖြစ်သာ ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် တိကျစွာ ပါဝင်မှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

အသက် (၃၂) နှစ်အရွယ်ရှိ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ တစ်နှစ်လုပ်ခ ပေါင်(၁၀)သန်း ရရှိမယ်လို့ သိရပြီး ဒီစီယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက်မှာ လစာငွေ အများဆုံးရရှိတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ၀ိန်းရွန်နီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နှစ်ဖက်အသင်းဟာ ကြာသာပတေးနေ့ နေ့လည်က တရားဝင်ကြေငြာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ကစားသမားဘ၀ရဲ့အခြားသော ရည်ရွယ်ချက်တွေအတွက် အမေရိကန်ကို ပြောင်းရွှေ့လာခဲ့တာပါ၊ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိဖို့ ဆာလောင်နေသလို အသင်းအတွက်လည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးဆပ်သွားမှာပါ” လို့ ၀ိန်းရွန်နီက ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ရှင်ဟာ ပြီးခဲ့တဲ့ လကတည်းက ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဘ၀မှာ ၀ိန်းရွန်နီဟာ စုစုပေါင်း သွင်းဂိုး (၂၀၈) ဂိုး အထိ သွင်းယူခဲ့ပြီး အလန်ရှီးယားရဲ့ သွင်းဂိုး (၂၆၀) နောက်မှာ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် (၁၃) ရာသီကြာ ကစားပေးခဲ့ပြီး (၅၅၉)ပွဲ ကစားပြီး (၂၅၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

-Ref; Sky sports