ဂျာစီအသစ်ထုတ်ဖော်မိတ်ဆက်ရာမှာ ရော်နယ်ဒို မပါဝင်ရတဲ့ အကြောင်းအရင်းအမှန်

ယမန်နေ့က ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက်ချန်ပီယံ ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် ၂၀၁၈-၂၀၁၉ ရာသီမှာ ဝတ်ဆင်ကစားမယ့် ဂျာစီအသစ်တွေကို မိတ်ဆက်ခဲ့ပြီး အသင်းရဲ့ကြယ်ပွင့် ကစားသမား ခရစ်စတီယာနိုရော်နယ်ဒို ကတော့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အောင်ပွဲခံနေချိန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သူဖြစ်ပြီး ဂျာစီအသစ် မိတ်ဆက်ပြသရာမှာလည်း မပါဝင်လာတာကြောင့် ပရိသတ်တွေကြားမှာ စိုးရိမ်ပူပင်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ လာမယ့်ရာသီဝတ်ဆင်မယ့် ဂျာစီအသစ်ကို ဘန်ဇီးမား၊ ဂါရတ်ဘေးလ်၊ တိုနီခရူးစ်တို့က ဝတ်ဆင်ပြခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပုံတွေ ပါမလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ လာမယ့်ရာသီ အသင်းမှာ ဆက်လက်ရှိနေမယ်လို့ မကြာသေးခင်က ပြောကြားထားပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တဲ့ နည်းပြနဲ့ ကစားသမား ၁၁ ယောက် ဓာတ်ပုံမှာလည်း ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ရုပ်ပုံအစား ရော်နယ်ဒိုရဲ့နာမည် ရိုက်နှိပ်ထား ဂျာစီနောက်ကျောကိုသာ ထည့်သွင်းထားတာကြောင့် ပရိသတ်တွေအနေနဲ့ ပိုမိုဒွိဟဖြစ်ခဲ့ကြပါတယ်။ ခရစ်စတီယာနို ရော်နယ်ဒို အခုလိုမပါဝင်လာတဲ့ တကယ့်အကြောင်းအရင်းအမှန်ကတော့ ယမန်နေ့က ပြသခဲ့တဲ့ ဂျာစီသစ်မိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး ယင်းအချိန်တုန်းက ခရစ်စတီယာနိုရော်နယ်ဒို မအားလပ်တာကြောင့် ပါဝင်ရိုက်ကူးနိုင်ခြင်း မရှိခဲ့တာလို့ သိရပါတယ်။

Source & Photos: Goal