အောင်လအန်ဆန်၏ ဝိတ်တန်းနှစ်ခု ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်

MMA မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၄င်း၏ ချန်ပီယံကာကွယ်ပွဲများ ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ဇွန်လအတွင်း တရုတ်နိုင်ငံ၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

”ဒီနှစ်အတွင်း ကျွန်တော် ချန်ပီယံနှစ်ခုစလုံးကို ကာကွယ်မယ်။ မစ်ဒယ် ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို တရုတ်နိုင်ငံမှာ ဇွန်လအတွင်း ယှဉ်ပြိုင်မယ်။ အဲဒါပြီးတာနဲ့ လိုက်ဟဲဗီးဝိတ်တန်းကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့ မှာ လာပြိုင်ဖို့ရှိတယ်။ ပြိုင်ဘက်တွေကတော့ အခုမသိရသေးဘူး။ နှစ်ခုစလုံး ချန်ပီယံ ကာကွယ်နိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု အောင်လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသားကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး မာချာဒိုကို ၅၆ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် ထပ်မံရရှိခဲ့သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲသက်တမ်းတစ်လျှောက် ဝိတ်တန်းနှစ်ခု၌ ချန်ပီယံခါးပတ် ရရှိသည့် ဒုတိယမြောက် ကစားသမားဖြစ်သည်။

(MWD)