ချန်ပီယံကာကွယ်ပွဲအတွက် အောင်လအန်ဆန် စာချုပ်ချုပ်ဆို

Photo − Aung La NsangFB

 

ရန်ကုန်မြို့၌ ယှဉ်ပြိုင်မည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် အောင်လ အန်ဆန်သည် ဇန်နဝါရီ ၁၉ ရက်က One Cham-pionship နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါ ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သော်လည်း အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်ကို One Championship က  လက်ရှိ အချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

‘‘မြန်မာတွေ အားပေးဖို့ အဆင်သင့်ဖြစ်နေကြပြီလားဗျ။ ဖေဖော်ဝါရီ ၂၃ ရက် One Cham-pionship ပွဲအတွက် စာချုပ် ချုပ်ဆိုပြီးပါပြီ။ အဲဒီအတွက် အလွန်စိတ်လှုပ်ရှားနေမိပါတယ်။ ပွဲကြီး တစ်ပွဲတော့ဖြစ်လာပါလိမ့်မယ် ဗျာ’’ဟု အောင်လအန်ဆန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများ တာဝန်ယူကျင်းပသည့် One Championship နှင့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်မည့် အောင်လအန်ဆန်၏ ပွဲကြို မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ မြန်မာပလာဇာ၌ ပြုလုပ်မည်ဖြစ်သည်။  မြန်မာ့စပါးအုံးမြွေဟု ကျော်ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ၂၀၁၇ ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် MMA (One  Championship) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ 

(7days)