ဘောလုံးလောကကနေ အနားယူတော့မယ့် ပီတာချက်ကို မော်ရင်ဟို ဂုဏ်ပြု

ရာသီကုန်မှာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ အာဆင်နယ်ဂိုးသမား ပီတာချက်ကို မန်ယူနည်းပြဟောင်း မော်ရင်ဟိုက ဂုဏ်ပြုခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ဂိုးသမား ပီတာချက်ဟာ ၂၀၀၄ ခုနှစ်တုန်းက ချဲလ်ဆီးကို ရောက်ရှိခဲ့ကြပြီး အင်္ဂလန်ကို ရောက်ရောက်ချင်း ပထမဆုံးနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပီတာချက်ဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ လုံး ထပ်မံဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်ဖလားတစ်လုံး ရခဲ့ပါတယ်။ ချဲလ်ဆီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဇွန်လမှာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ခဲ့သူပါ။ ” ပီတာချက်ကို ပရီးမီးယားလိဂ်မှာ နံပါတ် ၁ ဂျာစီ(ဦးစားပေးဂိုးသမားအဖြစ် ပွဲထွက်ခွင့်)ပေးခဲ့မိလို့ ဂုဏ်ယူရပါတယ်။ အဲဒီနောက်ပိုင်း ကျန်တာအားလုံးက သူ့ရဲ့စွမ်းဆောင်မှုပါပဲ။ ပီတာချက် အနားယူတော့မယ်ဆိုတာ ဘောလုံးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါ။ ဒါပေမဲ့ သမိုင်းကိုတော့ ဖျက်ပစ်လို့ မရပါဘူး။ အံ့အားသင့်စရာ ကစားသမားဘဝအတွက် အများကြီးဂုဏ်ယူမိပါတယ်”လို့ မော်ရင်ဟိုက ပြောပါတယ်။  

-Ref: Skysports