လက်ရှိခြေစွမ်းကို အားမရသေးကြောင်း အောင်သူ ပြော

၂၀၁၉ ထိုင်းလိဂ်အကြို  Leo ဖလားရှုံးထွက်ပြိုင်ပွဲတွင်  မြောင်တောင်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ သော်လည်း လက်ရှိခြေစွမ်းကို အားရကျေနပ်မှု မရှိသေးကြောင်း မြန်မာ့လက် ရွေးစင် တိုက်စစ်မှူး အောင်သူက ပြောသည်။

အောင်သူသည် ယခုနှစ်တွင် မြန်မာလိဂ်ကလပ် ရတနာပုံအသင်းမှ ထိုင်းကလပ်မြောင်တောင် ယူနိုက်တက်သို့ တစ်ရာသီ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသည်။

မြောင်တောင်အသင်းသည် ၂၀၁၉ ထိုင်းလိဂ်အကြို Leo ဖလားရှုံးထွက်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ အသင်း အဆင့်တွင် ဆာမက်ဆာခွန်ကို ၁-၀ ဂိုး ဖြင့် အနိုင်ရသော်လည်း ကွာတားအဆင့်တွင် ဟနွိုင်းအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ယင်းပွဲစဉ်နှစ်ပွဲစလုံးတွင် အောင်သူသည် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ခြေစွမ်းကိုတော့ ကျေနပ်မှု မရှိသေးဘူး။ ဒီထက်ပိုပြီး ကစားပြချင်တယ်။ လုပ်ပြချင်တယ်။ နောက်ပွဲတွေမှာ ကိုယ်အားရှိသလောက် ပိုပြီး တော့ ကြိုးစား ကစားသွားပါမယ်။ မြန်မာပရိသတ်တွေရော၊ မြောင်တောင်က ထိုင်းပရိသတ်တွေကို ရောအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်။ အသင်းမှာ အသစ်ရောက်လာတာဖြစ်လို့ စိမ်းနေသေးပေမယ့် အသင်းနဲ့ တစ်စုတစ်စည်းတည်းဖြစ်အောင်  ကြိုးစား နေပါတယ်။ အဲဒီအတွက် နားလည်ပေးဖို့လည်း တောင်းဆိုပါတယ်’’ဟု အောင်သူက ပြော သည်။ 

(၂၂)နှစ် အရွယ် အောင်သူ သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း၌ အငှားသွားရောက် ကစားခဲ့ပြီး ပွဲ ၃၀ ပွဲထွက်ခွင့်ရရှိ ကာ ၁၁ ဂိုးသွင်း၍ ရှစ်ဂိုးဖန်တီး ပေးနိုင်ခဲ့သည်။

မြောင်တောင်အသင်းသည် ထိုင်းလိဂ်-၁ တွင် ချန်ပီယံဆုလေး ကြိမ်ရရှိဖူးပြီး ၂၀၁၈ ဘောလုံးရာသီ၌ အမှတ်ပေးဇယား အဆင့်(၄) နေရာ၌ ရပ်တည်ခဲ့သည်။

7Days