ကဘူးလ်ရှိ ဟိုတယ် စီးနင်းမှုတွင် သေနတ်သမားများက နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့

ကဘူးလ်ရှိ ဟိုတယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည့် သေနတ်သမားများသည် နိုင်ငံခြားသားများကို အဓိကထား သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်ထဲသို့ သေနတ်သမားများ ရုတ်တရက် ဝင်ရောက်လာ ပြီးနောက် တည်းခိုနေသည့် ဧည့်သည်များကို ပစ်ခတ်ခဲ့သည်။ မျက်မြင် တစ်ဦးကမူ သေနတ်သမားများသည် နိုင်ငံခြားသားများ မည်သည့်နေရာတွင် ရှိနေသည်ကို အော်ဟစ် မေးမြန်းခဲ့ကြောင်း ဆိုသည်။

“သူတို့က နိုင်ငံခြားသားတွေ ဘယ်မှာလဲ ဆိုပြီးတော့ တောက်လျှောက် အော်မေးနေတယ်”ဟု လုံခြုံရေး စိုးရိမ်သဖြင့် အမည်ဖော်မပြသည့် မျက်မြင် သက်သေက ပြောကြားခဲ့သည်။ လက်ရှိ အချိန်ထိ စာရင်းများအရ အင်တာကွန်တီနန်တယ်လ် ဟိုတယ် စီးနင်းပစ်ခတ်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦးနှင့် အာဖဂန် ၄ ဦး သေဆုံးကြောင်း အစိုးရက အတည်ပြုထားသည်။ သို့သော် ပြည်တွင်း မီဒီယာများက အဆိုပါ အသေအပျောက် ပမာဏသည် ပိုမို မြင့်တက်လာနိုင်ကြောင်း ရေးသား ဖော်ပြနေကြသည်။ ပစ်ခတ်မှုများအတွင်း အနည်းဆုံး လူ ၁၀ ဦးမျှ ထိခိုက် ဒဏ်ရာရခဲ့ပြီး ၁၆၀ ကျော်ကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့သည်။

အာဖဂန် ကွန်မန်ဒိုများသည် ဟိုတယ် အမိုးပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ပြီး သေနတ်သမားများကို ဝင်ရောက် ရှင်းလင်းခဲ့ရသည်။ လက်ရှိ အချိန်ထိ သေနတ်သမား သုံးဦးကို သုတ်သင်ခဲ့ပြီး ဖြစ်သော်လည်း ဟိုတယ်အတွင်း လုံခြုံရေးနှင့် ရှင်းလင်းရေးအတွက် စစ်ဆင်ရေး ဆောင်ရွက်နေမှုများ အပြီးမသတ်သေးချေ။

မျက်မြင်ကြုံခဲ့သူက မိမိနှင့် သားဖြစ်သူသည် ဟိုတယ်ထဲတွင် ညနေစာ စားနေခဲ့ကြောင်း၊ ထို့နောက် သေနတ်သမားများ ဝင်လာပြီး နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို ပစ်ချလိုက်ကြောင်း၊ ယင်းနောက်တွင် သေနတ်သမား တစ်ဦးက မိမိဖက်သို့ လှည့်ချိန်သောကြောင့် ၎င်းက မိမိမှာ အာဖဂန် တစ်ဦးဖြစ်သည်ဟု အော်ဟစ်ခဲ့သဖြင့် အပစ်မခံရကြောင်း ပြောကြားခဲ့သည်။ သေနတ်သမားများက နိုင်ငံခြားသားများ အဓိက ရှိနေသည့် ဧရိယာဘက် ဦးလှည့်သွားချိန်တွင် ၎င်းကိုယ်တိုင် ထွက်ပြေးလာခြင်းဟု မျက်မြင်သက်သေက ဆိုသည်။

အခြားမျက်မြင်သက်သေ စားပွဲထိုးတစ်ဦးကမူ သေနတ်သမား နှစ်ဦးသည် ပစ်ခတ်မှု မတိုင်မီ အစားအသောက်များ မှာယူ၍ ညနေစာပင် စားခဲ့သေးကြောင်း၊ ၎င်းတို့သည် အလွန်သေသပ် ကျနစွာ ဝတ်စားထားကြောင်း မှတ်ချက်ပေးခဲ့သည်။ “သူတို့ကို နေရာထိုင်ခင်း စီစဉ်ပေးလို့ ကျွန်တော့်ကိုတောင် ကျေးဇူးတင်စကား ပြောသွားသေးတယ်။ ခဏလောက် စားသောက်ပြီးတဲ့အချိန်မှာ သေနတ်တွေ ထုတ်ပြီး ပစ်ကြတော့တာပဲ။ ဘေးပတ်ဝန်းကျင်မှာ အလောင်းတွေ ပုံနေတာ တွေ့ခဲ့ပါတယ်”ဟု ၎င်းက ဖွင့်ဟခဲ့သည်။

အာဖဂန် အစိုးရက ဟိုတယ်၏ လုံခြုံရေး ကဏ္ဍကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုထံ ငှားရမ်း တာဝန်ပေးခဲ့ခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဟု ဝန်ခံခဲ့သည်။ အာဖဂန် အစိုးရပိုင် အင်တာကွန်တီနန်တယ်လ် ဟိုတယ်သည် ၂၀၁၁ ကလည်း အလားတူ စီးနင်း တိုက်ခိုက်မှု တစ်ခုကြုံခဲ့ဖူးပြီး သေနတ်သမား ၉ ဦး အပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့သည်။ 

Ref: BBC