မက္ကဆီကို သမ္မတရွေးကောက်ပွဲ သမ္မတဟောင်းကတော် ၀င်ရောက်ယှဉ်ပြိုင်မည်

သမ္မတဖြစ်ခဲ့ရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လမ်းကြားတွေထဲမှာ တာဝန်ချထားတဲ့ စစ်သားတွေကို ပြန်ရုပ်သိမ်းမယ်လို့  မက္ကဆီကို သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်းကတော် မာဂါရီတာဇာဗာလာက ဇန်န၀ါရီ ၁၆ ရက်က  ကတိပေးလိုက်ပါတယ်။

မက္ကဆီကိုမှာ ဇာဗာလာရဲ့ခင်ပွန်း သမ္မတဟောင်း ဖယ်လစ်ပီကာဒဲရွန်ရဲ့ ၂၀၀၆ ခုနှစ်က စခဲ့တဲ့ စစ်တပ် ဦးဆောင်တဲ့ မူးယစ်တိုက်ဖျက်ရေးဗျူဟာက အကြမ်းဖက်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။

ဒါ့ကြောင့် ဇူလိုင်လမှာ သူသာ သမ္မတအဖြစ် ရွေးကောက်ခံရရင် လမ်းကြားတွေထဲမှာ တာဝန်ထမ်းနေတဲ့ ထောင်နဲ့ ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းပြီး ရဲတပ်ဖွဲ့အင်အားကို နှစ်ဆ တိုးမြှင့်မယ်လို့ ဇာဗာလာက ပြောပါတယ်။

ရဲဝန်ထမ်းတွေကို လစာတိုးပေးတာ၊ လုပ်သက်နဲ့ အရည်အချင်းပေါ် မူတည်ပြီး ရာထူးတိုးမြှင့်ပေးတာနဲ့ နိုင်ငံအတွက် စံပြဖြစ်မယ့်အရာရှိတွေကိုဘဲ ခန့်အပ်တာတွေ လုပ်ဆောင်မယ်လို့လည်း သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့ကို လက်ရှိအာဏာရအစိုးရက ပစ်ပယ်ထားတယ်လို့ ဇာဗာလာက ဝေဖန်ခဲ့ကြောင်းလည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

(DVB)