၂၀၁၇ စီးပွားရေး နိုဘယ်ဆု အမေရိကန်ပညာရှင် ရစ်ချတ်ဒ်သဲလာ ရရှိ

စီးပွားရေးပညာနဲ့ စိတ်ပညာရပ်အကြားက ဟာကွက်ကို ပေါင်းကူးချိတ်ဆက်ပေးဖို့ ကြိုးပမ်းလုပ်ဆောင် ခဲ့မှုကြောင့် အမေရိကန် စီးပွားရေးပညာရှင် ရစ်ချတ်ဒ် သဲလာကို ယခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်လိုက်ကြောင်း နိုဘယ်လ်ဆုချီးမြှင့်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

” လူတွေမှာ ကျိုးကြောင်းဆင်ခြင်တုံတရား အကန့်အသတ်နဲ့သာ ရှိနေမှု၊ လူတွေရဲ့ လူမှုဆိုင်ရာ အကြိုက် ဦးစားပေးမှု၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့မှု တို့ရဲ့ အကျိုးတရားတွေကို   ဖော်ထုတ်ပြီးတော့ ဒီလိုမျိုး လူသားတို့ရဲ့ ကိုယ်ပိုင်လက္ခဏာရပ်တွေက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဈေးကွက်ရလဒ်တွေအပေါ် ဘယ်လိုမျိုး စနစ်တကျ သွားပြီး သက်ရောက်နေသလဲဆိုတာကို သူ ဖော်ထုတ် ပြသနိုင်ခဲ့ပါတယ်” ဆိုပြီး နိုဘယ်လ်ဆုချီးမြှင့်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

” လက်တွေ့အမြင်ကို အခြေခံတဲ့ သူ့ရဲ့လေ့လာတွေ့ရှိချက်တွေ၊ သီအိုရီနည်းကျတဲ့ အတွေးအမြင်တွေက လူ့အမူအကျင့်ဆိုင်ရာ စီးပွားရေးပညာရပ် နယ်ပယ် ဖန်တီးမှုမှာ အဓိကကျနေလျက်ရှိပါတယ်” ဆိုပြီးတော့ လည်း ပြောထားပါသေးတယ်။

စီးပွားရေး နိုဘယ်လ်ဆု ရရှိသွားတဲ့ ရစ်ချတ်ဒ် သဲလာကတော့ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ချီကာဂို တက္ကသိုလ်က ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။

ယခု နိုဘယ်လ်ဆုနှင့်အတူ စီးပွားရေးပညာရှင် ရစ်ချတ်ဒ် သဲလာအနေနဲ့ ဆုငွေ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း လည်း ရရှိမှာဖြစ်ပါတယ်။

   -Ref; AFP