မြန်မာလိဂ်ပွဲစဉ်များကို မြန်မာ့ရုပ်သံနှင့် For Sport ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသမည်

MPT မြန်မာလိဂ်ပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် For Sport ရုပ်သံလိုင်းတို့မှ   တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း  မြန်မာလိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ၂၀၁၈ တွင် မြန်မာလိဂ်ပြိုင်ပွဲကို MRTV နှင့် For Sport ရုပ်သံလိုင်းတို့မှ  ပြသရန်စီစဉ်ထားပြီး ရုပ်သံလိုင်းက ပြသနိုင်ခြင်းမရှိသည့် ပွဲစဉ်များကို မြန်မာလိဂ် Facebook Page က Live ပြသမည်ဖြစ်သည်။

‘‘ညှိနှိုင်းမှုအရ MRTV နှင့် For Sport တို့က ပြမယ်။ တစ်ပတ်ကို ပျမ်းမျှနှစ်ပွဲပြမယ်။ Live မပြနိုင်တဲ့ ပွဲတွေကိုတော့ Face-book Page က ပြမယ်။ ပွဲစဉ် ဇယားရေးဆွဲကတည်းက တိုက်ရိုက်ပြမယ့် ပွဲတွေကိုပါ ထည့်သွင်း ရေးဆွဲထားတာကြောင့် ပွဲစဉ်ဇယားမှ ရေးဆွဲထားတဲ့အတိုင်းပဲ တိုက်ရိုက်ပြမယ်’’ဟု တာဝန်ရှိသူ က ပြောသည်။

၂၀၁၈ MPT မြန်မာလိဂ်ပြိုင် ပွဲကို MRTV-4 ရုပ်သံလိုင်းက ရိုက်ကူးကာ MRTV နှင့် For Sportရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်ပြီး ပြိုင်ပွဲ၏ ပွဲစဉ် ၅၄ ပွဲ (သို့မဟုတ်) ၅၅ ပွဲကို တိုက် ရိုက်ပြသမည်ဖြစ်သည်။

၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည် ဖြစ်ပြီး အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ကာ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင်၊ ပဲခူး၊ စစ်တွေ၊ မုံရွာမြို့တို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာလိဂ် ပထမအကျော့ ပွဲစဉ်များကို ၂၀၁၈ ဧပြီအထိ ကျင်းပမည်ဖြစ်ပြီး   ဒုတိယအကျော့ကို   မေလ ၁၉ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက  ထုတ်ပြန်ထားသည်။

 (7days)