မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ဂျပန်လူမျိုးနည်းပြတစ်ဦး ခန့်အပ်မည်

Photo- MFF

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်မယ့် ဂျပန်လူမျိုးနည်းပြတစ်ဦး လာမယ့် ဇန်န၀ါရီလအတွင်း ခေါ်ယူပေးသွားမယ် လို့ သိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲအပြီး နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာနဲ့လမ်းခွဲခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ နည်းပြလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ကိုက်ညီမှု ရှိမယ့် ဂျပန်လူမျိုးနည်းပြတစ်ဦးကို ရရှိထားပြီဖြစ်ပြီး လာမယ့် ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

“အဓိကကတော့ ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ကြားမှာ နားလည်မှုတွေ အစောကတည်းက ထားရှိထားတာကြောင့် ဂျပန်လူမျိုး နည်းပြတစ်ဦးကို ခေါ်ယူလိုက်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ကတည်းက လည်း ဂျပန်လူမျိုးနည်းပြ ကိုင်တွယ်ခဲ့ဖူးခဲ့ပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။ ဒါကြောင့် ခုတစ်ကြိမ်မှာလည်း ဂျပန်လူမျိုးနည်းပြကို ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ နောက်ဆုံး ယှဉ်ပြိုင်ထားခဲ့တဲ့ ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်း ပြိုင်ပွဲမှာ နယ်သာလန်လူမျိုး နည်းပြ ရော်ဂျာနဲ့အတူ တတိယဆုသာ ရရှိခဲ့ပါတယ်။

ယခုနှစ်အတွင်းမှာတော့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

Soucre-Duwun