ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံ၏ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးအခြေအနေများကို မျက်ခြည်မပြတ် အကဲခတ်လေ့လာနေကြဖို့ လိုအပ်ကြောင်း၊ ယနေ့ ရခိုင်ပြည်နယ်အခြေအနေသည် လုံခြုံရေးအရစိုးရိမ်ရသည့် အခြေအနေပင်ဖြစ်ကြောင်း၊ ယင်း အခြေအနေများကို အခြေခံအကျဆုံးဖြစ်သည့် ပြည်သူအများ သိရှိဖို့လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပါတီဝင်များအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် နယ်မြေများအထိ ကွင်းဆင်း၍ လူငယ်ထု ဆွေးနွေးပွဲများ၊ အမျိုးသမီးထုတွေ့ဆုံပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြီးစီးအောင်လုပ်ဆောင်ကြဖို့ ချပြဆွေးနွေးပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်လှိုင်နှင့် ဦးတင်ဝင်းတို့က လုပ်ငန်းစဉ်များကို ချပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့်ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များက ပြန်လည်တင်ပြကြပြီး တိုင်းဒေသ ကြီး အတွင်းရေးမှူး ဦးသာဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)