ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား လက်ခံတွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ၊ တရုတ်နိုင်ငံအတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ဖြစ်ပွားမှုအခြေအနေများနှင့် ကာကွယ် တိုက်ဖျက်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။

၎င်းနောက် COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကာကွယ်တိုက်ဖျက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai မှ လက်ခံရယူခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက် ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai နှင့်အတူ အဖွဲ့ဝင် (၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။