MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအသက်ကယ်ဆယ်ရေးနည်းလမ်း ဖြန့်ဝေရန်စီစဉ်

MPT နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး First Aid For All အစီအစဉ်တစ်ရပ်ကိုပြုလုပ် သွားမယ်လို့သိရပါတယ်။ အဲဒီအစီအစဉ်ဟာ ရှေးဦးပြုစုခြင်း အသက်ကယ်ဆယ်ရေး နည်းလမ်းတွေကို ဖြန့်ဝေသွားမယ့် ဆောင်ရွက်ချက်ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာကနေ ၂၀၁၈ မတ်လအထိဆောင်ရွက် သွားမှာဖြစ်ပြီး မူးမေ့ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခြင်း၊ အပူရှပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းစတဲ့ အရေးပေါ် အခြေအနေတွေကြုံကြိုက်လာရင် ရှေးဦးပြုစုခြင်းနည်းလမ်းတွေနဲ့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ဖော်ပြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဗီဒီယို ၁၂ ခုကို ရုပ်မြင်သံကြား၊ မီဒီယာနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ ထုတ်လွှင့်ပြပေးသွားမယ့်အစီအစဉ်လို့သိရပါတယ်။

“ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ တစ်ဦးတစ်ယောက်စီတိုင်းက အနည်းဆုံး အခြေခံ ရှေးဦး ပြုစုခြင်း ဗဟုသုတတွေကို သိရှိထားဖို့လိုပါတယ်။ ဒါမှပဲ ကျန်းမာရေးနဲ့ဆိုင်တဲ့ အရေးပေါ် အခြေအနေမျိုးတွေမှာ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာတွေ့ကိုသိရှိပြီး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ နန်းထွမ်းလှ က ပြောပါတယ်။ ဥပမာအနေနဲ့ မော်တော်ယာဉ်မတော်တဆမှုနဲ့ အခြားမတော်တဆဖြစ်ရပ် တွေကြောင့် အရေးပေါ် ထိခိုက် ဒဏ်ရာရရှိတဲ့ အခြေအနေမှာ အမြန်ဆုံးပြုစုပေးတာနဲ့ အသက်ဘေး ကနေကင်းလွတ်စေနိုင်မယ်လို့ဆိုပါတယ်။