၅ နှစ်အတွင်း သစ်ပင် ၁ ဘီလျံအထိ စိုက်ပျိုးပေးမယ့် ဒရုန်းများ

၅ နှစ်အတွင်း သစ်ပင် ၁ ဘီလျံအထိ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ကနေဒါအခြေစိုက် တက်သစ်စကုမ္ပဏီ Flash Forest က မောင်းသူမဲ့ယာဉ်တွေကို အသုံးပြုလျက် ရှိပါတယ်။ သူတို့ကုမ္ပဏီရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းတွေဟာ သစ်ပင်စိုက်တဲ့နေရာမှာ လူသားတွေထက် ၁၀ ဆ ပိုမြန်ပြီး သမားရိုးကျ နည်းလမ်းတွေနဲ့ယှဉ်ရင်လည်း ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းလောက် သက်သာတယ်လို့ ဆိုပါတယ်။

အဲဒီဒရုန်းတွေဟာ pneumatic firing နည်းစနစ်နဲ့ သစ်ပင်စိုက်တာပါ။ pneumatic firing ဆိုတာ လေဖိအားသုံးပြီး မြေကြီးထဲကို သစ်ပင် ပစ်သွင်းစိုက်ပျိုးတဲ့ နည်းစနစ် ဖြစ်ပါတယ်။ သစ်ပင်စိုက်ပျိုးမယ့် နေရာတွေ ရွေးချယ်ပြီးရင် ဒရုန်းထဲကို မျိုးစေ့၊ အပင်အားဖြည့်မှိုနဲ့ မြေသြဇာတွေ ထည့်ပြီး သစ်ပင် စိုက်ပျိုးစေတာပါ။ သစ်ပင်စိုက်ပျိုးတဲ့ အခါမှာ အသုံးပြုတဲ့ တခြားပါဝင်ပစ္စည်းတွေကိုတော့  Flash Forest က ထုတ်ဖော်ခြင်း မရှိသေးပါဘူး။

ဒရုန်းတွေကို အသုံးပြုတာဖြစ်လို့ လူသူ အရောက်အပေါက် ခက်ခဲတဲ့ နေရာတွေမှာလည်း သစ်ပင်စိုက်ပျိုး နိုင်စွမ်းရှိပါတယ်။ သစ်ပင်တွေကို အားဆေးဖျန်းဖို့၊ ကြီးထွားမှုကို စောင့်ကြည့်ဖို့အတွက်လည်း ဒရုန်းတွေကိုပဲ အသုံးပြုတာပါ။  Flash Forest ကုမ္ပဏီဟာ ၂၀၂၈ ခုနှစ်ရောက်ရင် သစ်ပင်ပေါင်း ၁ ဘီလျံအထိ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ပုံစံငယ်တွေကို စမ်းသပ်အောင်မြင်ခဲ့ပြီးနောက် ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်မှာ  Flash Forest ကုမ္ပဏီက ဒရုန်းအသုံးပြုပြီး သစ်ပင်စိုက်ပျိုးမှုတွေ စတင်လုပ်ဆောင်နေပါပြီ။

 

Team ( ရိုးရာလေး)