ရှားဇောင်းလက်ပပ်ကို ဆေးလို အသုံးချနိုင်မယ့်နည်းတွေ

လိုတဲ့အခါအသုံးပြုနိုင်အောင် မှတ်ထားလိုက်ပါဦး။ ရှားဇောင်းလက်ပပ်ဟာ အသားအရေအတွက် အရမ်းကို ကောင်းကျိုး ဖြစ်စေတာကြောင့် နာမည်ကျော်ပါတယ်။ ဒါ့အပြင် အနာကျက်မြန်စေနိုင်ပါသေးတယ်။ ဖောလစ်အက်ဆစ်၊ ဗီတာမင် A, B1, B2, B3, B6, B12, C, E တို့ ပါဝင်သလို သံဓာတ်၊ ကယ်လ်ဆီယံ၊ ဇင့်၊ မဂ္ဂနီစီယံ၊ ခရိုမီယံ စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းကျိုး ဖြစ်စေပါတယ်။ ရှားဇောင်းလက်ပပ်ကို ဆေးလိုအသုံးချနိုင်မယ့်နည်းလေးတွေကို လိုတဲ့အခါအသုံးပြုနိုင်အောင် မှတ်ထားလိုက်ပါဦး။

ခံတွင်းနံ့ဆိုးတာပျောက်ဖို့အတွက် ရှားဇောင်းလက်ပပ်ခံတွင်းသန့်ဆေးရည် လုပ်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၂ ဇွန်း၊ ပူရှိန်းဆီ (peppermint essential oil) ၂ စက်၊ လက်ဖက်စိမ်းဆီ (tea tree essential oil) ၂ စက်၊ ရှားဇောင်းလက်ပပ်ဂျယ်လ် ၊ ပေါင်းခံရေ (ရေသန့်) တို့ လိုအပ်ပါတယ်။ အားလုံးကို ကရားတစ်ခုထဲမှာရောထည့်ထားရပါမယ်။ အသုံးမပြုခင်မှာ ကရားကိုနာနာလေးလှုပ်ပေးပါ။ ကရားထဲက ရှားဇောင်းလက်ပပ်ခံတွင်းသန့်ဆေးရည်ကို လက်ဖက်စားဇွန်း ၂ ဇွန်းစာယူပြီး ပလုပ်ကျင်းပေးလို့ရပါတယ်။ ခံတွင်းနံ့ဆိုးတာ သက်သာစေမှာ ဖြစ်ပါတယ်။

အအေးမိလည်ချောင်းနာကို ပျောက်အောင်လည်း ကုနိုင်ပါသေးတယ်။ ရှားဇောင်းလက်ပပ်အနှစ်မှာ ပါဝင်တဲ့အစွမ်းသတ္တိတွေက လည်ချောင်းနာတာကို သက်သာစေနိုင်စွမ်းရှိတာမို့ တစ်နေ့ကို ၃ ကြိမ်လောက် မျိုချပေးရမှာဖြစ်ပါတယ်။
အပူလောင်တဲ့ဒဏ်ရာ အသေးစားတွေကိုလည်း ပျောက်စေပါတယ်။ ရှားဇောင်းလက်ပပ်အနှစ်ကို အပူလောင် တဲ့နေရာ၊ နေလောင်တဲ့နေရာတွေမှာ သုတ်ပေးထားတာရင် မြန်မြန်ပျောက်ပါလိမ့်မယ်။ ရှားဇောင်းလက်ပပ် မှာပါတဲ့ အင်ဇိုင်းတွေကြောင့် ဒဏ်ရာဖြစ်တဲ့နေရာဆီကို သွေးစီးဆင်းမှုပိုတိုးစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပျက်စီးသွားတဲ့တစ်ရှုးတွေကို ပြန်ကောင်းလာစေခြင်းဖြင့် အပူလောင်ဒဏ်ကို ပျောက်စေ မှာပါ။
အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ ယားယံမှုကို ခံစားရတယ်လေ။ အထူးသဖြင့် ခြင်ကိုက်တဲ့အခါမျိုးမှာပေါ့။ ခြင်ကိုက်ဖုတွေကြောင့် ယားယံနေရင် ရှားဇောင်းလက်ပပ်အနှစ်ကို ယားတဲ့နေရာမှာ သုတ်ပေးထားလိုက်ရင် မယားတော့ပါဘူး။

Credit:  Duwun