ရခိုင်ဒေသပြန်လည်နေရာချထားရေး နိုဝင်ဘာတွင် ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် အပါအဝင် အချက် ၁၀ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူ

မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကို ယမန်နေ့အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နေပြည် တော်တွင် ပြုလုပ်ခဲ့ပြီး အချက် ၁၀ ချက် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးများနှင့် ဝန်ကြီးအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်ကနေပြည်တော် ရှိ Horizon Lake View Hotel နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး တို့တွင် ပြုလုပ်ခဲ့ပြီး သဘောတူညီ ချက်များကို ချမှတ်နိုင်ခဲ့သည်။

‘‘ဆွေးနွေးမှုတွေအရ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အချက် ၁၀ ချက်ကို ရရှိခဲ့ပါတယ်’’ ဟု ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။ နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် နယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်နိုင် ရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ၁၉၈၀ နယ်စပ်ဒေသသဘောတူ ညီချက်ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဒေသအဆင့် ညှိနှိုင်းဆောင်ရွက်ရေးအစည်းအဝေးကို သုံးလ တစ်ကြိမ် ကျင်းပရန်နှင့် အကြီးအကဲများအဆင့်၌ နယ်ခြားစောင့်တပ် ဖွဲ့များ၏ဗဟိုအဆင့်အစည်းအ ဝေးကို နှစ်စဉ်ကျင်းပရန်၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးမှုတို့နှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ အရ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းထားသော သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတို့အကြား ကာလ အပိုင်းအခြား အလိုက် ဆွေးနွေးပွဲများစီစဉ်ပြု လုပ်ရန်၊ လိုအပ်ပါက ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပရန်နှင့် တစ်နှစ်လျှင် တစ်ကြိမ် ဒုတိယဝန်ကြီး၊ အတွင်းဝန်အဆင့် အစည်း အဝေးများ ပြုလုပ်ရန်၊ မူးယစ် ဆေးဝါး တရားမဝင် သယ်ဆောင် မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ခြင်းအစည်းအဝေးကို ခြောက်လ တစ်ကြိမ် ကျင်းပရန်အပါအဝင် အချက် ၁၀ ချက် သဘောတူညီ ခဲ့သည်။

‘‘အထူးသဖြင့် သတင်းအချက်ဖလှယ်မှုအပိုင်းမှာပါတယ်။ နောက်တစ်ခါ အဆင့်ဆင့်တွေ့ဆုံမှု၊ ယုံကြည်မှု တည်ဆောက်ဖို့ ကိစ္စတွေ အဓိကထားဆွေးနွေး တာပါ’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် အကြမ်းဖက်တိုက် ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု များအရ သဘောတူညီချက်လက် မှတ်ရေးထိုးမှုကို စဉ်းစားသုံးသပ် ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မြန်မာနိုင်ငံသားများ ဝင်ရောက်မှုအား ချက်ချင်း ရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အမြန်ဆုံးပြန်လည်နေရာ ချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန်၊ ပြန်လည် နေရာချထားရေး အတွက် ၂၀၁၇ နိုဝင်ဘာတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊ ရခိုင်ဒေသမှ စွန့်ခွာထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သဘောတူညီချက်ကို အပြီးသတ် ဆောင်ရွက်ရန်၊ သတင်းအချက်အလက်ဖလှယ်ရေး ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေးတို့အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟိုအဆင့်တို့၌ ဆက်ဆံရေး အရာရှိများ သတ်မှတ်ရန် စသည့်အချက်တို့ သဘောတူညီမှုရရှိခဲ့သည်။

‘‘နောက်ဆုံးတစ်ချက်ကတော့ အပြန်အလှန်ယုံကြည်မှု များတည်ဆောက်နိုင်ရေးအတွက် အလည်အပတ် ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ဆောင်ရွက် ရေးဖြစ်ပါတယ်’’ဟု ဦးတင်မြင့်က ပြောသည်။ မြန်မာနိုင်ငံမှ တင်ပြချက်များအဖြစ် နယ်စပ်ဒေသတရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင် ရွက်ခြင်း၊ နယ်စပ်ဆက်ဆံရေးရုံး များ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်၊ လူထွက်များစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ် လက်ခံမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ်များကို မြန်မာနိုင်ငံမှ တင်ပြဆွေးနွေးခဲ့ကြောင်း ဦးတင်မြင့်က ဆက်လက်ပြောသည်။

‘‘နောက်တစ်ခုက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်’’ဟု အမြဲတမ်း အတွင်းဝန်ကဆိုသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းမှုထိန်းသိမ်းခြင်း၊ လုံခြုံ ရေးအခန်းကဏ္ဍနှင့် နယ်စပ်ဒေသတစ်လျှောက် ပူးပေါင်းဆောင် ရွက်ခြင်းနှင့် နားလည်မှုမြှင့်တင် ခြင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါး တရားမဝင်ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် တရားမဝင် လှုပ်ရှားမှုများ၊ နယ်စပ်ဆက်ဆံရေးရုံး (BLO) များထူထောင်ခြင်း စသည့် ကိစ္စရပ်များအပါအဝင်ခေါင်းစဉ် ခုနစ်ခုကို တင်ပြဆွေးနွေးခဲ့ ကြောင်း ပူးတွဲသတင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ဆွေးနွေးမှုရလဒ်များအရ လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူး ပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ် ပြည် သူ့သမ္မတနိုင်ငံမှ ပြည်ထဲရေးဝန် ကြီးဌာန အတွင်းဝန် Mr. MostafaKamal Uddin တို့က လက်မှတ် ရေးထိုးခဲ့သည်။